တရုတ်နိုင်ငံခြားရေး၀န်ကြီး ဒေါ်စုနဲ့တွေ့ဆုံ

  • 5 ဧပြီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption နေပြည်တော်မှာ ပူးတွဲ သတင်းစာ ရှင်းလင်း

တရုတ် နိုင်ငံခြားရေး ၀န်ကြီး ဝမ်ရီ ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ဧပြီလ ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ တရားဝင် အလည်အပတ် ခရီးစဉ် အဖြစ်ရောက်ရှိ နေပါတယ်။

သူဟာ သမ္မတဦးထင်ကျော် အစိုးရသစ် တက်လာပြီးတဲ့နောက် မြန်မာ နိုင်ငံကို ပထမဆုံးရောက်ရှိ လာတဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ဆက်လက်တည်ဆောက်ဖို့ လာရောက်တာ ဖြစ်ကြောင်း မစ္စတာ ဝမ်ရီက ပြောပါတယ်။

အင်္ဂါနေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခဲ့အပြီးမှာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာ နိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ အစိုးရ တွေကြား အဟန့်အတား ဖြစ်နေတဲ့ စီမံကိန်း တွေကို ချစ်ကြည် ရင်းနှီးတဲ့ နည်းလမ်းနဲ့ အကောင်အထည် ဖော်သွားဖို့ ဆွေးနွေး ခဲ့ကြောင်း မစ္စတာ ဝမ်ရီ က သတင်းထောက်တွေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဖက်ကတော့ မြစ်ဆုံရေကာတာ နဲ့ပတ်သက်ပြီး တရုတ်ဖက်က ပြောဆိုလာတာ ရှိပေမယ့် သူ့အနေနဲ့ အသေးစိတ် ဆွေးနွေးခဲ့တာ မရှိဘူး လို့ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ပင် ရဲ့ ကုန်းလမ်း ရေလမ်း ဆက်သွယ်ရေး မဟာဗျူဟာ မှာ မြန်မာ နိုင်ငံဟာ အချက်အချာ ကျတဲ့နေရာမှာ ရှိနေတဲ့အတွက် မြန်မာရဲ့ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေး ဟာ တရုတ်နိုင်ငံ အတွက် အရေးကြီးတယ် လို့ တရုတ်မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောက ဘီဘီစီကို ပြောပါတယ်။

အခွင့်အလမ်းကောင်းတွေ ရှိနေတဲ့ မြန်မာ နိုင်ငံကို ဂျပန်၊ အိန္ဒိယ၊ အမေရိကန်လို နိုင်ငံအားလုံးက လာရောက် ရင်းနှီးမြှုပ်နှံချင်နေ တာမို့ အားလုံးနဲ့ အဆင်ပြေအောင်ဆက်ဆံ အသုံးချ နိုင်ရင် မြန်မာ အတွက် အကျိုးရှိလိမ့်မယ်လို့ သူကဆိုခဲ့ပါတယ်။