သမ္မတဦးထင်ကျော် တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုတွေ့

  • 6 ဧပြီ 2016
ဓာတ်ပုံ မူပိုင် MOI
Image caption နိုင်ငံတော်သမ္မတ ဦးထင်ကျော် တရုတ်နိုင်ငံခြား ရေး ဝန်ကြီးကို လက်ခံတွေ့

မြန်မာနိုင်ငံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် လက်ထက်မှာ ပထမဆုံးရောက်ရှိလာတဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီဟာ ဧပြီလ ၆ ရက် ညနေမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး မနက်ပိုင်းကတော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP)အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းတို့ကို သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံရာမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ရန်ကုန်- နေပြည်တော်- မန္တလေး မြန်နှုန်းမြှင့် ရထားလမ်း တည်ဆောက်ရေး ရေရှည်စီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်လိုတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ကြားဝင်ဆောင်ရွက်ပေးလိုတဲ့ ဆန္ဒရှိတယ်လို့ ပြောဆိုခဲ့ပြီး ချစ်ကြည်ရေးကို မြှင့်တင်လိုတယ်လို့ ပြောခဲ့ပါတယ်။

နောက်ပြီးသမ္မတ ဦးထင်ကျော်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်တို့ကို တရုတ်နိုင်ငံကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံရာမှာတော့ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားဆက်ဆံရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ အရင်က အာဏာရပါတီဖြစ်ခဲ့ပေမယ့် အခုအခါ အာဏာမရှိ လုပ်ပိုင်ခွင့် မရှိတော့တဲ့ ပါတီဖြစ်လို့ ပြည်ခိုင်ဖြိုးနဲ့ တရုတ်အစိုးရ ဆက်ဆံရေးဟာ တကယ်တန်းမှာတော့ အရင်ကအနေအထားနဲ့ တူနိုင်တော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရေး လေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရီဟာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက် အရ ၂ ရက်ကြာ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဧပြီလ ၅ ရက်နေ့က စပြီးမြန်မာနိုင်ငံသို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။

သူဟာ ဧပြီလ ၅ ရက်နေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့ပြီး အစိုးရသစ်ကို လာရောက်ဂုဏ်ပြုတာလို့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မြန်မာနဲ တရုတ် နှစ်နိုင်ငံ ကြားမှာ စစ်ရေး၊ နိုင်ငံရေး၊စီးပွါးရေး ပူးပေါင်း ဆောင်ရွက်မှူတွေ အရင်အစိုးရ လက် ထက်မှာအတော်လေး နက် နက် ရှိုင်းရှိုင်း ရှိခဲ့ပေမယ့် အခုခရီးစဉ်မှာ အဲဒီလို ကိစ္စတွေကို အတွင်းကျကျ ဆွေးနွေးတာထက် အစိုးရအပြောင်းအလဲမှာ သံတမန်ရေးအရ တွေ့ဆုံဆွေးနွေးတာလောက်ပဲ ဖြစ်လိမ့်မယ်လို့ ယူဆကြောင်း ဦးသန်းစိုးနိုင်က ပြောပါတယ်။

မြန်မာနဲ့ တရုတ်အစိုးရ ကြား ဒေါ်လာ ၃ဘီလီယံကျော် ကုန်ကျမယ့် မြစ်ဆုံစီမံကိန်း လက်ပန်းတောင်းတောင်စီမံကိန်း ကျောက်ဖြု စီးပွါးရေး ဇုံ ကျောက်ဖြူ ကူမင်းရေနံ ပိုက်လိုင်း၊ တကောင်းတောင် နီကယ်စီမံကိန်းစတဲ စီမံကိန်းကြီးတွေကို လူထုရဲ့ ကန့်ကွက်မှုတွေ ရှိနေပြီး အရင်အစိုးရလက်ထက် ရပ်ဆိုင်းထားခဲ့တဲ့ မြစ်ဆုံစီမံကိန်း ပြန်စ မှာကို လူထုက စိုးရိမ်နေကြပါတယ်။