ရန်ကုန် ခုံးကျော်တံတားနှစ်ခု စီမံကိန်း ပယ်ဖျက်

Image caption ခုံးကျော်တံတား နှစ်ခု ဆောက်မယ့် ဘဏ္ဍာငွေတွေကို ရန်ကုန်မြို့တော် နယ်နမိတ် ပြင်ပက မြို့ရွာ ဖွံ့ဖြိုးရေးအတွက် သုံးမယ်။

ရန်ကုန်တိုင်း ဒေသကြီးမှာ အရင်အစိုးရ လက်ထက်က ရေးဆွဲထားပြီး လွှတ်တော်က အတည်ပြုဖို့ ကျန်နေတဲ့ ဒေသန္တရ ဥပဒေကြမ်း ထဲမှာ ကျပ်ငွေ ၃၂.၂ ဘီလျံ တန်ဖိုးရှိတဲ့ ခုံးကျော်တံတား နှစ်ခု တည်ဆောက်ဖို့ အဆိုပြု ထားတာကို ရန်ကုန်တိုင်း လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေး ကော်မီတီက သဘောမတူကြောင်း အစီရင်ခံစာ ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီစီမံကိန်းတွေ အစား ရန်ကုန်မြို့တော် စည်ပင် နယ်နိမိတ် ပြင်ပက မြို့ရွာတွေ ဖွံ့ဖြိုးရေး အတွက် ဒီဘဏ္ဍာငွေတွေကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ငွေကြေး အကုန်အကျ များပြီး ယာဉ်ပိတ်ဆို့မှု ပြဿနာကို ရေရှည် ဖြေရှင်းနိုင်ခြင်း မရှိတဲ့အပြင် JICA လို့ ခေါ် တဲ့ ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မီတီက ကူညီ ရေးဆွဲထားတဲ့ ရန်ကုန် မြို့တော် ဖွံ့ဖြိုးရေး စီမံကိန်းနဲ့လည်း သဟဇာတ မဖြစ်တဲ့ အတွက် ဒီလိုဆုံးဖြတ်တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေး ကော်မီတီ ဥက္ကဌ ဒေါ်စန္ဒာမင်းက ဘီဘီစီကို ပြောပါတယ်။

ဒီခုံးကျော်တံတားတွေ ကိစ္စနဲ့ ပတ်သက်လို့ JICA နဲ့ နှစ်ကြိမ်တိတိ လွှတ်တော်ထဲမှာ ခေါ်ယူ ဆွေးနွေးခဲ့ရာမှာ JICA က ဒီခုံးကျော် တံတား ကိစ္စကို သူတို့ကို အကြံပြု တင်ပြထားတာ မရှိကြောင်းနဲ့ ဒီခုံးကျော်တံတားတွေက ယာဉ်အသွားအလာ ကျပ်တဲ့ ကိစ္စတွေကိုလည်း ဖြေရှင်းပေးနိုင်စွမ်း မရှိကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လောလောဆယ် မီးပွိုင့်စနစ်ကို ပြောင်းလဲ ကျင့်သုံးဖို့ JICA က အကြံပြုထားပြီး လက်ရှိမှာ ဒီစနစ်ကို စတင် ကျင့်သုံးနေပြီလို့ ဒေါ်စန္ဒာမင်းက ပြောပါတယ်။