အမျိုးသားသင့်မြတ်ရေး တရုတ် ကြားဝင်လို

  • 7 ဧပြီ 2016
Chinese FM meets President U Htin Kyaw ဓာတ်ပုံ မူပိုင် MOI
Image caption တရုတ်နိုင်ငံခြားရေး ဝန်ကြီးက သမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံ

မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ တရုတ်နိုင်ငံက ကြားဝင် ဆောင်ရွက်ပေးဖို့ ဆန္ဒရှိ တယ်လို့ သမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံရာမှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့ပါတယ်။

တရုတ် မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တွေကို အခြေပြု လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ်မှာ တရုတ် နိုင်ငံက သြဇာရှိပြီး နှစ်ပေါင်း ၂၀ နီးပါး မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ တပ်မတော် အစိုးရကိုလည်း ကျောထောက် နောက်ခံ ပြုပေးခဲ့တာ ဖြစ်တယ်လို့ တရုတ်မြန်မာအရေး လေ့လာသူတွေက ပြောကြပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးပြောဆိုတဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်လို့တော့ အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုနေကြပါတယ်။

သူဆိုလိုတာက တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြားလို့ ယူဆသူတွေ ရှိသလို NLD နဲ့ တပ်မတော်ကြား ပြန်လည်သင့်မြတ်ရေး လို့လည်း ယူဆသူတွေ ရှိပါတယ်။

သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးကတော့ ဒေါ်အောင်ဆန်း စုကြည်က သင်္ကြန်အပြီးလောက်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အဖွဲ့ တစ်ခု ဖွဲ့စည်းဖို့ ရှိပြီး အဲဒီ အခါ သူ့ရဲ့ မူဝါဒတွေ မဟာဗျူဟာတွေကို သိနိုင်ပါလိမ့်မယ်လို့ ပြောပါတယ်။

တရုတ်မြန်မာနယ်စပ်မှာ အခြေပြု လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ စီးပွားရေး အရ တရုတ်နိုင်ငံအပေါ် မှီခိုနေရသလို တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တွေရဲ့ပိုင်ဆိုင်မှုတွေ ဟာလည်းတရုတ်နိုင်ငံထဲမှာ ရှိနေတဲ့အတွက် တရုတ်အစိုးရ အနေနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင် ပတ်သက်တာဟာ သဘာဝ ကျတယ်လို့ ယူဆသူတွေလည်း ရှိနေပါတယ်။

ဒါကြောင့် အထူးသဖြင့် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ ပတ်သက်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်အစိုးရ အနေနဲ့ပါဝင် လာနိုင်တယ်လို့ တချို့က သုံးသပ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ