နိုင်ကျဉ်းတွေလွတ်ဖို့ဆောင်ရွက်မယ်လို့ဒေါ်စုကြေညာ

  • 7 ဧပြီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အရင်အစိုးရ လက်ထက်က ဖမ်းဆီးခံရပြီးအမှုရင်ဆိုင်နေရသူ ရာနဲ့ ချီ ရှိနေ

နှစ်သစ်ကူး အခါသမယ မှာ နိုင်ငံရေး အကျဉ်းသားတွေ၊ တက်ကြွ လှုပ်ရှားသူ တွေနဲ့၊ နိုင်ငံရေး ကြောင့် အမှု ရင်ဆိုင် နေရသူတွေ လွတ်မြောက်ရေး အတွက်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (က) နဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ တို့မှာ ပြဌာန်း ချက်တွေကို သုံးပြီး ဆောင်ရွက် မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က) အရ၊ သမ္မတ အမိန့်နဲ့ ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ပေးနိုင်တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ လတုန်းက လည်း အခြေခံဥပဒေ ပုဒ်မ ၂၀၄ (က) အရ၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ ရဲ့ သဘော တူညီချက် ရယူ စရာမလိုဘဲ အကျဉ်းသားတွေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တာ ရှိတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။

AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အဖွဲ့ရဲ့ စာရင်းအရ နိုင်ငံရေး အမှုနဲ့ လက်ရှိထောင် ကျနေ တဲ့ အကျဉ်းသား ၁၂၁ ဦး၊ အဖမ်းခံ ထားရပြီး အမှု ရင်ဆိုင် နေရတဲ့ အကျဉ်းသား ၁၁၆ ဦးနဲ့ အာမခံ ရထားပြီး အမှု ရင်ဆိုင် နေရသူ ၂၉၈ ဦး ရှိတယ်လို့ ဆိုပါတယ်။

သာယာ၀တီ ထောင်မှာ အဖမ်းခံ ထားရပြီး ရန်ကုန်မြို့၊ လှိုင်မြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ် ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင် ကိုနန္ဒာ စစ်အောင်က ဒီကြေညာချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကျဉ်းသားတွေ လွှတ်ဖို့ သဘောထား ခိုင်မာမှုကို ပြသကြောင်းနဲ့ နိုင်ငံတော်ကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ နဲ့ တစုံတရာ တင်းမာမှုရှိနေ နိုင်တယ်လို့လည်း ထင်မြင်ကြောင်း ပြောပါတယ်။

သူနဲ့အတူ ရုံးထုတ်မှာ ပါခဲ့တဲ့မဖြိုးဖြိုးအောင် ကလည်း အစိုးရသစ် မတက်ခင် ကာလကမှာ အမှုတွေ သုံးလေးဆယ် ကနေ ၈၀ လောက်အထိ တိုးမြှင့် တရားစွဲဆို ထားတာ တွေကို ကြည့်ရင်၊ သူတို့လို နိုင်ငံရေး လှုပ်ရှား သူတွေကို အလွယ်တကူ ပြန်လွှတ်လို့ မရအောင် တမင်လုပ်ခဲ့တာ လို့ ယူဆစရာ ရှိကြောင်းပြောပါတယ်။

နိုင်ငံရေးကြောင့် လူတွေ အဖမ်းခံ ရတဲ့ အခါ သူတို့ အတွက် လိုက်ပြီး ကူညီ ပံ့ပိုးပေးရတဲ့ မိသားစု တွေလည်း ဒုက္ခရောက်ကြရ တယ်လို့ မဖြိုးဖြိုးအောင်ရဲ့ဖခင် ဦးနေ၀င်းက ပြောပြခဲ့ပါတယ်။