နိုင်ငံရေးအကျဉ်းသား မရှိအောင် ဘယ်လို လုပ်သင့်သလဲ

  • 8 ဧပြီ 2016
ABSFU Student leader, Min Thway Thit ဓာတ်ပုံ မူပိုင် EPA
Image caption သာယာဝတီ ထောင်မှာ မလွတ်သေးသူ မင်းသွေးသစ် အပါအဝင် သုံးယောက်ရှိ

ပညာရေး ဥပဒေဆန္ဒပြသူ အများစုပါတဲ့ အမှုရင်ဆိုင်နေရဆဲ နိုင်ငံရေးလှုပ်ရှားသူ ၉၀ ကျော် ဧပြီလ ၈ ရက်နေ့က ပြန်လွတ်လာပါတယ်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံရေး အကျဉ်းသားတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေ လွတ်မြောက်ရေး အတွက် ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ထုတ်ဖော် ပြောဆိုခဲ့အပြီး နောက်တစ်နေ့မှာ အခုလို လွတ်လာကြတာဖြစ် ပါတယ်။

ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားနဲ့ တက်ကြွ လှုပ်ရှားသူတွေလွတ်မြောက်ရေး အတွက်လည်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဧပြီလ ၈ ရက်က ထပ်မဲ ထုတ်ပြန်တဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ကြေညာချက်မှာ အခု ပြန်လွတ်မလာသေးသူတွေကို နှစ်သစ်ကူး ရုံးပိတ်ရက် ကုန်ဆုံးပြီး တရားရုံးတွေ ပြန်ဖွင့်တဲ့ အချိန်မှာ အမြန်ဆုံး ဆက်လက် ဆောင်ရွက်ပေးမယ်လို့ ဖော်ပြထားပါတယ်။

အခုလို လွှတ်ပေးလိုက်ပြီးပေမဲ့ နောင်မှာ နိုင်ငံရေး အကျဉ်းသားဆိုတာ ရှိလာနိုင်သေးတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP က ပြောပါတယ်။

ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသား ဘဝ ရောက်ခဲ့ဖူးပြီး ဇနီးဖြစ်သူ မနီလာသိန်း ပြန်လွတ်လာမှာကို အင်းစိန် ထောင်ရှေ့မှာ သွားစောင့်မျှော် နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ကိုဂျင်မီကတော့ နိုင်ငံရေး အကျဉ်းသား ဆိုတာမရှိစေဖို့ နိုင်ငံရေး လွတ်လပ်စွာ လှုပ်ရှားခွင့်နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ရှိနေတဲ့ ကန့်သတ်ချက်တွေ၊ ဥပဒေနဲ့ နည်းဥပဒေတွေကို ပြင်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဥပမာအားဖြင့် ပြည်သူတွေရဲ့ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၁၈ နဲ့ အကြည်ညို ပျက်စေမှု ဆိုတဲ့ လွတ်လပ်စွာပြောဆိုခွင့်နဲ့ သတင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်ထားတဲ့ ပုဒ်မ ၅၀၅ ခ လို ပုဒ်မ တွေကို ဖျက်သိမ်း သင့်တယ်လို့ သူက ပြောပါတယ်။

အဲဒါတွေကို ဖျက်နိုင် ပြင်နိုင်မှသာ နိုင်ငံရေးနဲ့ အကျဉ်းသား ဆိုတာကို ခွဲခြားလို့ ရမယ်လို့လည်း ကိုဂျင်မီက ပြောပါတယ်။

တချိန်ကတော့ စစ်အစိုးရကို ဆန့်ကျင်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး တောင်းဆိုတိုက်ပွဲဝင်သူတွေက နိုင်ငံရေး အကျဉ်းသားတွေဖြစ်ကြပေမဲ့ ဒီကနေ့ခေတ်မှာ လူတန်းစား၊ အစုအဖွဲ့နဲ့ အကျိုးစီးပွားတွေ မတူညီကြတော့တဲ့ အချိန်မှာ အစိုးရနဲ့ အမြင်မတူလို့ ဆန္ဒပြကြတာကို ဖမ်းဆီးမယ် ဆိုရင် သူတို့ကို ဘယ်လို သတ်မှတ်မယ် ဆိုတာ မေးစရာ ဖြစ်လာပါတယ်။

အခုလက်ရှိ ဒီမိုကရေစီ အစိုးရနဲ့ ထိပ်တိုက်တွေ့လာသူတွေဟာ ဘယ်လိုလူမျိုးတွေ ဖြစ်လာမယ် ဆိုတာကိုလည်း ရှေ့မှာ အသေအချာ လေ့လာရလိမ့်မယ်လို့ ကိုဂျင်မီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ