ကျောင်းသားတွေနဲ့ ဝန်းရံ ပြည်သူတချို့ ပြန်လွတ်လာ

ဓာတ်ပုံ မူပိုင် bbc
Image caption လက်ပံတန်း ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့သူ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူ ၆၉ဦး ပြန်လွတ်လာ

သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူ ၆၉ ယောက်ကို သာယာဝတီတရားရုံးက အမှုပိတ်ပြီး လွှတ်ပေးလိုက်ပါပြီ။

တခြားတရားရုံးတွေမှာ စွဲဆိုထားတဲ့ အမှုတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကိုနန္ဒာစစ်အောင် ၊ မဖြိုးဖြိုးအောင်နဲ့ ကိုမင်းသွေးသစ်တို့ကတော့ ထောင်မှာ ဆက်ကျန်နေမယ်လို့ ကိုနန္ဒာစစ်အောင်က ဘီဘီစီကို ပြောပါတယ်။

တခြား အကျဉ်းထောင်တွေမှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ပြန်လွှတ်ပေးနေပြီလို့ သိရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ နည်းလမ်း သုံးသွယ်ဆိုတာ ထုတ်ပြန်ပြီးခဲ့အပြီး နောက်တနေ့မှာပဲ အကျဉ်းသားတွေ ပြန်လွတ်လာတာပါ။

ကျန်တဲ့ အကျဉ်းသားတွေကိုတော့ လိုအပ်တဲ့ စိစစ်မှုတွေ ဆောင်ရွက်နေပြီး နှစ်သစ်ကူး ရုံးပိတ်ရက် ကုန်ဆုံးပြီးတဲ့နောက် တရားရုံးတွေ ပြန်ဖွင့်တဲ့အချိန်မှာ အမြန်ဆုံး ဆက် ဆောင်ရွက်ပေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

လွတ်လာသူတွေထဲမှာ ပြစ်ဒဏ် ကျခံထားရသူတွေ တယောက်မှ မပါပဲ အမှု ရင်ဆိုင်နေရသူတွေကိုပဲ တရားရုံးအသီးသီးက အမှုတွေ ပလပ်လိုက်တာ တွေ့ရတယ်လို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း မြန်မာနိုင်ငံရဲ့ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသား ၃၂၀လောက် ကျန်နေသေးပြီး အမှုရင်ဆိုင်နေသူတွေထဲမှာ သတင်းထောက်တွေ၊ လယ်သမားတွေ၊ ကျောင်းသားသပိတ်နဲ့ ပတ်သက်သူတချို့ ကျန်နေသေးတယ်လို့ သူကပြောပါတယ်။

ပြစ်ဒဏ် ချမှတ်ခံထားရသူတွေထဲမှာတော့ လယ်ယာမြေ သပိတ် တိုက်ပွဲ ဝင်သူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က လူတွေ ပါဝင်ပြီး သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာမိန့်နဲ့ လွှတ်ပေးမယ် ဆိုရင် လွှတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။