ထောင်ကျနိုင်ကျဉ်းတွေလွှတ်ဖို့စိစစ်ဆဲ

ဓာတ်ပုံ မူပိုင် EPA
Image caption ထောင်ကျနိုင်ငံရေး သမားတွေမလွတ်သေး

နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ရေး အတွက် အစိုးရသစ်က ဆောင်ရွက် နေရာမှာ ထောင်ဒဏ်ကျခံ နေရတဲ့ အကျဉ်းသားတွေ ကို ပြန်လွှတ်နိုင်ဖို့ အတွက် လိုအပ်တဲ့ စိစစ်မှုတွေ လုပ်နေရ တာကြောင့် ကြန့်ကြာနေတာ ဖြစ်နိုင်တယ်လို့ တရား လွှတ်တော်ရှေ့နေ ဦးကိုနီက ဘီဘီစီကိုပြောပါတယ်။

နိုင်ငံရေးလှုပ်ရှား မှုတွေကြောင့် ဖမ်းဆီး တရားစွဲဆို ခံထားရသူ တွေရဲ့ အမှုတွေကို ပလပ်လိုက်ပြီး သောကြာနေ့က လူ ၁၀၀ ကျော်လွတ်လာ ခဲ့ပေမယ့် ထောင်ဒဏ် အပြစ်ပေး ခံထားရသူ တွေကတော့ အကျဉ်းထောင် တွေထဲမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

အဲဒီထဲမှာ ထောင်ဒဏ် ၅ နှစ်ကျခံ နေရတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်လည်းပါဝင်ပါတယ်။

သူ့အပေါ် ပုဒ်မ ၁၈ နဲ့ တရားစွဲဆို ထားတဲ့ အမှု ၇ ခုကိုတော့ သောကြာနေ့ တုန်းက ရုပ်သိမ်း ပေးခဲ့ပေမယ့် ထောင်ဒဏ် နဲ့ပတ်သက်ပြီး လွတ်ငြိမ်းခွင့် မရသေးတဲ့အတွက် ထောင်ထဲမှာ ဆက်ရှိနေတာလို့ ဦးနေမျိုးဇင် ရဲ့ဇနီး ဒေါ်ဇင်မျိုးမောင်က ပြောပါတယ်။

နိုင်ငံရေး အမှုတွေကို အစိုးရက တရား စွဲဆိုတာ ဖြစ်တဲ့ အတွက် အစိုးရ ရှေ့နေက အမှုကို ရုပ်သိမ်းပြီး သက်ဆိုင်ရာ တရားသူကြီးက လက်ခံတယ်ဆိုရင် ချက်ချင်း လွှတ်လို့ ရပေမယ့်၊ ထောင်ဒဏ် ကျခံ နေရသူတွေ ဆိုရင်တော့ သူတို့ကို ပြန်လွှတ်ဖို့ သင့်မသင့် ကို အဆင့်ဆင့် စိစစ် ရတာတွေ ရှိတယ်လို့ ရှေ့နေဦးကိုနီက ဆိုပါတယ်။

တကယ်လို့ ပြန်လွှတ်သင့်တယ် လို့ သမ္မတ ကလက်မှတ် ထိုးလိုက်ပြီ ဆိုရင်တော့ ရုံးပိတ်ရက် မှာဘဲ ဖြစ်ဖြစ် အကျဉ်းထောင်ကို အကြောင်း ကြားစာရောက်ရင် ဖမ်းထားတဲ့သူတွေကို ချက်ချင်း ပြန်လွှတ်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ရှင်းပြ ခဲ့ပါတယ်။