Myanmar Idol winner စောလားထော်ဝါး

  • 10 ဧပြီ 2016
ဓာတ်ပုံ မူပိုင် Myanmar Idol
Image caption စောလားထော်ဝါး ဟာ ပရိတ်သတ်တွေရဲ့ မဲပေး ရွေးချယ်ခံခဲ့ရ (ဓါတ်ပုံ - Myanmar Idol)
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ Myanmar Idol သီချင်းဆို ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့် ရွေးချယ်မှုကို ပြီးခဲ့တဲ့ သောကြာနေ့ညက ရွှေထွဋ်တင် ကွင်းမှာ ကျင်းပခဲ့ပါတယ်။စကာတင် သုံးယောက်ဖြစ်တဲ့ Mဇော်ရိန်၊ နှင်းဆီမေနဲ့ စောလားထော်ဝါး တို့ ၃ယောက် ထဲက သီချင်း ၃ပုဒ်စီ သီဆို ယှဉ်ပြိုင်ခဲ့ရာမှာ ကရင်တိုင်းရင်းသား စောလားထော်ဝါး ဟာ ပရိတ်သတ်တွေရဲ့ မဲပေး ရွေးချယ်ခံခဲ့ရပါတယ်။Myanmar Idol သီချင်းဆို ပြိုင်ပွဲမှာ ပရိတ်သတ် ရဲ့ နှစ်ခြိုက်မှု နဲ့ အနိုင် ရရှိ ခဲ့တဲ့ စောလားထော်ဝါး ကို ဘီဘီစီ သတင်းထောက် မစန္ဒာဝင်းက ဆက်သွယ် မေးမြန်း ထားပါတယ်။မေး : ဆု ရရှိခဲ့မှုနဲ့ ပတ်သက်ပြီး ပြောပြပါဦး။

ဖြေ : ကျွန်တော်က မပြိုင်ခင် ကတည်းက ဆုတောင်းထားတာ ပေါ့နော်၊ ကျနော် Winner ဖြစ်အောင် လုပ်မယ်။ ကျနော် အကောင်းဆုံး ကြိုးစား ပြီးတော့ သီဆို ယှဉ်ပြိုင် မယ်ပေါ့နော်၊ ဒါပေမယ့် အခက်အခဲတွေတော့ ရှိခဲ့ပါတယ်။ စပြိုင် ကတည်းက ကြိုးစားခြင်း နဲ့လည်း ပြိုင်မယ် နောက်ပြီး သည်းခံ ခြင်း နဲ့လည်း ဒီပြိုင်ပွဲမှာ ဝင်ပြိုင်မယ်။ အဲဒီ ၂ ခုနဲ့ Myanmar Idol ပြိုင်ပွဲမှာ စိတ် ရော ကိုယ်ရော နှစ်ပြီးတော့ ယှဉ်ပြိုင် ခဲ့တဲ့ ဆုရရှိခဲ့တယ်လို့ မြင်ပါတယ်။

မေး : ကိုယ့်ဆီမှာ အားနည်းချက် အားသာချက်တွေက ဘာတွေဖြစ်ခဲ့သလဲ။

ဖြေ : လူတိုင်းကတော့ မပြည့်စုံဘူးပေါ့နော်၊ ကျွန်တော်မှာ အားနည်းချက် အများကြီးရှိပါတယ်။ တိုင်းရင်းသား ဖြစ်တဲ့ အတွက် တစ်ခါတစ်လေ မြန်မာ စကားကို ကောင်းကောင်း မပြောတတ်ဘူး။ အဲဒါက အားနည်းချက်တွေထဲ က တစ်ခု ဖြစ်ပါတယ်။ အားသာချက်ကတော့ အများကြီး မရှိပါဘူး။ အတီးနဲ့ အဆို ကို ဝါသနာ ပါတာရယ် က ကျနော့်ရဲ့ အားသာချက်တွေ ပဲ ဖြစ်မယ် ထင်ပါတယ်။

မေး : Myanmar Idol မှာ ဝင်ပြိုင်တဲ့ အခါကျတော့ ဘယ်လို အခက်အခဲတွေ ကြုံရလဲ။

ဖြေ : အခက်အခဲတွေကတော့ အများကြီးပါ။ ကျနော် ပါဝင် ယှဉ်ပြိုင်ဖို့ အတွက် သီချင်းတွေ အများကြီး ရွေးထားပါတယ်။ အိမ်မှာလည်း သီချင်းတွေကို လေ့ကျင့် ထားပါတယ်။ ဒါပေမယ့် ပြိုင်ပွဲ ရောက်တဲ့ အခါမှာ ကိုယ်ကျင့် ထားတဲ့ သီချင်း နဲ့ ယှဉ်ပြိုင်ရတဲ့ သီချင်းက မတူတဲ့ အခက်အခဲပါပဲ။ အများအားဖြင့် ကိုယ် တစ်ခါမှ မကြားဘူး တဲ့ သီချင်းတွေနဲ့ သီဆို ယှဉ်ပြိုင် ခဲ့ရတယ်။ ခက်ခဲတဲ့ သီချင်းတွေနဲ့ ယှဉ် ပြိုင်ခဲ့ရပါတယ်။

မေး : ကိုယ်ရွေးချယ် ခံရတော့ ဘယ်လို ခံစားရလဲ။

ဖြေ : ဆုကြေညာ တဲ့ အချိန်မှာ အရမ်းကို ရင်ခုန် ခံစားခဲ့ရပါတယ်။ ကျွန်တော် ရမယ်လို့လည်း မထင်ထားပါဘူး။ ဘုရားရဲ့ ကျေးဇူးတော်နဲ့ ပရိတ်သတ် ရဲ့ အားပေးမှုတွေကြောင့် ဒီဆု ကို ရရှိ ခဲ့တာလို့ ထင်ပါတယ်။

မေး : ရှေ့ဆက်ပြီးတော့ ဘာတွေ လုပ်ဖို့ စီစဉ်ထားလဲ။

ဖြေ : ကျွန်တော် ရှေ့ဆက်ပြီးတော့ သီချင်းဆိုတဲ့ အလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ။ ပရိတ်သတ်တွေလဲ အားပေးမယ်လို့ ယုံကြည်ပါတယ်။ Myanmar Idol ပြိုင်ပွဲက သီချင်းစီးရီး လုပ်ပေးမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုက သင်္ကြန် ရက် ရောက်ပြီ ဆိုတော့ သင်္ကြန် အတွက်ပဲ အာရုံစိုက်ထားပါတယ်။

မေး : သင်္ကြန်မှာရော ဘာတွေ လုပ်ဖို့ ရှိလဲ။

ဖြေ : အခု သင်္ကြန်မှာ SKYNET က စီစဉ်တဲ့ သင်္ကြန် မဏ္ဍပ်မှာ သီချင်းဆိုဖို့ ရှိပါတယ်။

မေး : ကရင် တိုင်းရင်းသား တစ်ယောက် ဖြစ်တဲ့ အတွက် ကိုယ့်လူမျိုး အတွက် ဘာလုပ်ပေးမယ်လို့ စဉ်းစားထားလဲ။

ဖြေ : ရှေ့ဆက်ပြီးတော့ ကျွန်တော်က သက်ကြီးရွယ်အိုတွေ၊ အခက်အခဲ ရှိနေတဲ့ ကလေး တွေ၊ စစ်ဖြစ်နေတဲ့ နေရာတွေကို သွားရောက်ပြီးတော့ တတ်နိုင်တဲ့ ကူညီတဲ့ အလုပ်ကို လုပ်သွားမယ်လို့ စဉ်းစားထားပါတယ်။

Myanmar Idol အနိုင်ရသူ စောလားထော်ဝါး အနေနဲ့ ဆုကြေး ငွေကျပ် သိန်း နှစ်ရာ ရရှိခဲ့ပြီး Shwe FM က ပေးတဲ့ ရွေပြားတပြား ချီးမြှင့်ခံခဲ့ ရသလို ၊ သူ့ကို တေးသီးချင်း အယ်လ်ဘမ် တခု ထုတ်လုပ် ပေးမှာလည်း ဖြစ်ပါတယ်။မြန်မာနိုင်ငံက မြို့ကြီး ၅ မြို့မှာ ပထမဆုံး အကြိမ် Myanmar Idol ရဲ့ သီချင်း ဝါသနာရှင်တွေ လှည့်လည် ရွေးချယ်ခဲ့ရာမှာ ဝင်ရောက်ယှဉ်ပြိုင်သူ ရှစ်ထောင် ကျော် ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ