ဒီနှစ် ရန်ကုန်သင်္ကြန်

  • 10 ဧပြီ 2016
Image caption ၂၀၁၅ သင်္ကြန်

ဒီနှစ်သင်္ကြန်မှာ စီးပွားဖြစ်မဏ္ဍပ်တွေ ဆောက်ခွင့် မပြုတော့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကြေညာခဲ့အပြီးမှာ ကြိုက်သူ မကြိုက်သူတွေရဲ့ မှတ်ချက်တွေ လူမှုကွန်ယက် အင်တာနက်မှာတွေ့လာရပါတယ်။

သင်္ကြန်ပျော်ချင်တဲ့ လူတွေအတွက် အစားထိုးအစီအစဉ်မရှိပဲ ဒီလိုကြေညာခဲ့တာလို့ တချို့က ဝေဖန်ကြပါတယ်။

အရင့်အရင်က အင်းယားလမ်း၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်တော်ကြီးပတ်လမ်းက မဏ္ဍပ်တွေနဲ့ စည်ကားခဲ့တဲ့ ရန်ကုန်သင်္ကြန်နဲ့ ၁၅ နှစ်လောက် အသားကျနေရာက ဒီနှစ် ရုတ်တရက် စီးပွားဖြစ် မဏ္ဍပ်တွေ ဆောက်ခွင့်မပေးတော့တာကြောင့် ပြီးခဲ့တဲ့ နှစ်တွေနဲ့ ယှဉ်ရင် စည်းကားမှု အပိုင်းမှာ လျော့နည်းသွားလိမ့်မယ်လို့ ထင်ကြောင်း သတင်းသမားတဦးဖြစ်တဲ့ ကိုဇော်မျိုးသန့် ပြောပါတယ်။

လူငယ်တွေကြားမှာလည်း ဘာလုပ်ရရင် ကောင်းမလဲဆိုပြီး ဝေခွဲမရ ဖြစ်နေကြတယ်လို့ ပြောပါတယ်။

စီးပွားဖြစ်မဏ္ဍပ်တွေ မရှိဘဲ စည်ကားတဲ့ သင်္ကြန်ဖြစ်ဖို့ ရပ်ကွက်တွင်း လူငယ်တွေ စုပြီး မဏ္ဍပ်ဆောက်တာမျိုးတွေ ဟိုးအရင်ကလို ဌာနဆိုင်ရာ မဏ္ဍပ်တွေ ကုမ္ပဏီမဏ္ဍပ်တွေ ဆောက်ပြီး ပျော်ပျော်ရွှင်ရွှင် ရေကစားနိုင်ကြပေမယ့် အခုအခါ ရက်လည်းသိပ်ကပ်နေလို့ လုပ်ဖို့မလွယ်သလို ရေပက်ခွင့် ရေပိုက်သွယ်ခွင့် ရရှိရေးအတွက် စည်ပင်လို အာဏာပိုင် အဖွဲ့တွေအနေနဲ့လည်း ပြင်ဆင်ထားခြင်း မရှိဘူးလို့ ဆိုပါတယ်။

အရင်က ရပ်ကွက်တွင်း မဏ္ဍပ်ဆောက်ပြီး ရေကစားခဲ့ကြသူတွေအနေနဲ့ ကုန်ကျစရိတ်ကာမိအောင် ကုမ္ပဏီတွေရဲ့ ကြော်ငြာ ဗီနိုင်းတွေ လက်ခံ ချိတ်ဆွဲပေးတာမျိုး လုပ်ခဲ့ပေမယ့် ဒီနှစ်မှာ အဲဒီလို လုပ်ခွင့်လည်း မရှိတော့တဲ့ အတွက် အရင်ကလောက် စည်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။