အမြန်လမ်းမှာ ကားမှောက် လို့ တက်သစ်စ အလှမယ် သေဆုံး

  • 11 ဧပြီ 2016
Myanmar Highway ဓာတ်ပုံ မူပိုင် Getty
Image caption မြန်မာနိုင်ငံက အမြန်လမ်းတွေပေါ်မှာ မတော် တဆ ဖြစ်မှုကြောင့် သေဆုံးမှု မကြာခဏ ရှိခဲ့

ဧပြီလ ၁၁ ရက်နေ့ မနက်က မိသားစု ဘုရားဖူး သွားကြတဲ့ ကိုယ်ပိုင်ကား တစ်စီး ရန်ကုန် မန္တလေး အမြန်လမ်းမကြီးပေါ်က မိုင်တိုင် ၉၇ မှာ မတော်တဆ တိမ်းမှောက် ခဲ့တဲ့ အတွက် ကားမောင်းသူ မအိဖြိုးသွယ်နဲ့ သူ့မိခင်တို့ သေဆုံးသွားခဲ့ပါတယ်။

မအိဖြိုးသွယ်ဟာ မော်လမြိုင်က တက်သစ်စ အလှမယ် တစ်ယောက် ဖြစ်ပါတယ်။

ကားနောက်ခန်းမှာ လိုက်ပါလာတဲ့ မအိဖြိုးသွယ်ရဲ့ ညီအစ်မ တော်သူ နှစ်ယောက်နဲ့ သူတို့ ဖခင် ဖြစ်သူတို့ကတော့ ပွန်းပဲ့ ဒဏ်ရာတွေသာ ရခဲ့ကြပြီး အသက် အန္တရာယ် မစိုးရိမ်ရဘူးလို့ နေပြည်တော်မှာ ရှိတဲ့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယ ရဲမှူး ဦးသန်းဦးက ဘီဘီစီကို ပြောပါတယ်။

သူက ကားကို သတ်မှတ်တဲ့နှုန်းထားထက် ကျော်လွန်တဲ့ အရှိန်နဲ့ မောင်းလာတာ ဖြစ်ပြီး လမ်းလယ်က ကတ်တုံးတွေကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ရာက တိမ်းမှောက် သွားခဲ့တာလို့ အမြန်လမ်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ကားလမ်းမပေါ်မှာ မတော်တဆ တိမ်းမှောက်မှုတွေဟာ ကားလမ်းမကြီး တွေရဲ့ အရည် အသွေး ညံ့ဖျင်းမှုကြောင့် ဖြစ်တယ်လို့ လူအများ ပြောဆိုတာတွေ ရှိပေမဲ့ ကားမောင်းသူတွေရဲ့ မှားယွင်းမှုနဲ့ ယာဉ် စည်းကမ်း လမ်းစည်းကမ်း မလိုက်နာမှုတွေကြောင့် ဖြစ်တာ ပိုများ တယ်လို့ ဒုတိယ ရဲမှူး ဦးသန်းဦးက ပြောပါတယ်။

စည်းကမ်းလိုက်နာမှု မရှိသူတွေကို တိတိကျကျ အရေးယူတာတွေ လုပ်နေတဲ့ အပြင် ယာဉ်မောင်းတွေအနေနဲ့ စည်းကမ်းတွေကို လိုက်နာအောင် ယာဉ်ထိန်းရဲနဲ့ အမြန်လမ်း ရဲတွေက လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ ပညာပေးတာတွေကို လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

မတော်တဆ ကားတိုက်မှုတွေ မဖြစ်အောင် ကာကွယ် တားဆီးရာမှာ ကားမောင်းသူတွေ ကားပေါ်က ခရီးသည်တွေ အနေနဲ့ ခါးပတ်တွေကို ပတ်ထားဖို့ လိုအပ်တဲ့ အပြင် ကားမောင်းလို့ ပင်ပန်းလာတဲ အခါ နားပြီးမှ ခရီးဆက်ကြဖို့လည်း အရေးကြီးတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ