၂၀၁၅ မြန်မာ့ မီဒီယာ တိုးတက်မှု

  • 11 ဧပြီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ပုံနှိပ်မီဒီယာ ထဲက သတင်းဌာန အချို့ဟာ ရပ်ဆိုင်းသွား ခဲ့ပြီး ပုံနှိပ် သတင်းဌာန အသစ် တွေလည်း ထွက်လာ ကြ

လွန်ခဲ့တဲ့ သုံးနှစ်လောက်က အပတ်စဉ် ထုတ် ပုဂ္ဂလိက ဂျာနယ် တစ်ပတ် တစ်ခါ ဝယ်ယူ ပြီး သတင်းရယူ နေရာ ကနေ ဒီကနေ့ အချိန်မှာတော့ မြန်မာ နိုင်ငံ မှာ လွှတ်တော် ကို တိုက်ရိုက် ကြည့်ရှု နိုင်တဲ့ ရုပ်သံ လိုင်းတွေ ကနေ စောင့် ကြည့် လာကြပါပြီ။

ပြီးခဲ့တဲ့ ရက်ပိုင်း က ဆိုရင် ဒေါ်အောင်ဆန်း စုကြည် နဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး တို့ သတင်းစာ ရှင်းလင်း ပွဲ ကို အင်တာနက် ကနေ တိုက်ရိုက် ကြည့် နိုင်တဲ့ ခေတ် အထိ ပြောင်းလဲ လာခဲ့ပါပြီ။

မီဒီယာတွေ တိုးတက် ပြောင်းလဲ မှု ကလည်း မြန်သလို သတင်းရေစီး ကလည်း ကြမ်းပြီး အပြိုင်အဆိုင်ကလည်း များပါတယ်။

မြန်မာ့ မီဒီယာ ပြောင်လဲမှုဟာ အလျင်အမြန် တိုးတက် ဖြစ်ထွန်း နေ ပေမယ့် တကယ်တန်း ဆုံးဖြတ် လုပ်ကိုင် ရမယ် ဆိုရင် တိကျ တဲ့ သတင်း ရင်းမြစ် တွေတော့ မဟုတ်သေးဘူးလို့ မြန်မာ စာနယ်ဇင်း ကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော် က ပြောပါတယ်။

ရုပ်မြင်သံကြား သတင်းမီဒီယာတွေ အားကောင်းလာသလို တစ်ဘက်မှာလည်း ပြည်တွင်း ပုံနှိပ်မီဒီယာ ထဲက သတင်းဌာန အချို့ဟာ ရပ်ဆိုင်းသွား ခဲ့ပြီး ပုံနှိပ် သတင်းဌာန အသစ် တွေလည်း ထွက်လာ ကြပါတယ်။

သတင်းရယူမှု ပုံစံမှာလည်း အပြောင်းအလဲတွေ ရှိခဲ့တယ်လို့ မြန်မာ၊ အင်္ဂလိပ် နေ့စဉ် ထုတ် သတင်းစာတွေ ထုတ်ဝေ နေတဲ့ Myanmar Times က သတင်း ထောက် မရွှေရည် က ပြောပါတယ်။

အရင်တုန်းက အပတ်စဉ် ထုတ် ဂျာနယ် အနေနဲ့ ရေးသား ခဲ့ရာမှာ သတင်းရေးသားမှု အပိုင်းမှာ ပြည့်စုံမှု ကို အသား ပေး ခဲ့ပြီး နေ့စဉ်ထုတ် သတင်းစာ ဖြစ်လာတဲ့ အခါမှာ သတင်းတစ်ပုဒ်ကို မဖြစ်မနေ ရှာပေး ရတယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်မှာ သမိုင်းဝင် ရွေးကောက်ပွဲကို ကျင်းပခဲ့စဉ် အခါ နဲ့ NLD အစိုးရ သစ်ရဲ့ နိုင်ငံရေး အခင်း အကျင်း ကို ပြည်တွင်း သတင်းမီဒီယာတွေက အပြိုင် အဆိုင် ရေးသား တင်ဆက် ခဲ့ကြပါတယ်။

သတင်းတင်ပြပုံတွေ မှာ အရင်တုန်းက တင်ပြလေ့ မရှိတဲ့ အကြောင်းအရာ တစ်ခုကို အတွင်းကျကျ ဖော်ပြတာတွေ ပြောင်းလဲ လာပေမယ့် အရည်အသွေး အားဖြင့် သိသိသာသာ ပြောင်းလဲ တာမျိုးတော့ မရှိသေးဘူးလို့ ဦးမြင့်ကျော်က ပြောပါတယ်။

ဒါပေမယ့် အဖြစ်အပျက်တွေ၊ ဖြစ်စဉ်တွေ နဲ့ ထုတ်ပြန်မှုတွေကို ဖော်ပြ နေတဲ့ အဆင့် ကနေ မကျော်လွှား နိုင်သေး ကြောင်းနဲ့ အဓိပ္ပါယ် သတ်မှတ်မှု၊ ခန့်မှန်းတွက်ချက် မှုတွေမှာ အားနည်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းထောက်တွေ ဘက်မှာလည်း ပြည်သူလူထု သတင်း သိရှိခွင့် အတွက် မေးမြန်း ရာမှာ အခက်အခဲများလည်း ရှိနေပါတယ်။

လွှတ်တော်မှာ ကိုယ်စားလှယ် အတော်များများဟာ သတင်းထောက်တွေကို ရှောင်ကြသလို အစိုးရ အဖွဲ့သစ်ဟာလည်း သတင်းထုတ်ပြန်မှု အပိုင်းမှာ သတိ ထား နေတာ တွေ့ရပါတယ်။

အကောင်းဆုံး ဥပမာ ကတော့ NLD အစိုးရ ဖွဲ့ ရေးမှာ ရေးသား တင်ပြ ခဲ့ရာမှာ သတင်း ဦးဖို့ကိုပဲ အာရုံစိုက် လုပ်ဆောင် ခဲ့တာကို တွေ့ရတယ်လို့ ပြောပါတယ်။

သတင်းသမားတွေ ဘက်မှာလည်း သတင်းကို အတည်ပြုဖို့ အခက်အခဲတွေ ရှိတာကြောင့်လည်း ဖြစ်နိုင်ကြောင်း ပြောပါတယ်။

အခြား သတင်းဌာနတွေကလည်း ဒီအကြောင်းအရာတွေကို ဖော်ပြ နေကြပြီး ကိုယ့်ဌာန မှာ သတင်းမပါဘူး ဆိုရင် ဈေးကွက်မှာ အခက်အခဲ ရှိနိုင်တာကြောင့် လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ သတင်းမီဒီယာ လောကရဲ့ အလှည့်အပြောင်း ဖြစ်လာနိုင်တဲ့ နောက်ထပ် အချိုးအကွေ့ တစ်ခုကတော့ ရုပ်သံလွှင့် ဥပဒေ ပဲ ဖြစ်ပါတယ်။

ရုပ်သံလွှင့် ဥပဒေဟာ နည်းဥပဒေ မထွက် သေးလို့ အသက်မဝင် သေးသလို ဖြစ်နေပေမယ့် အခု အစိုးရသစ် လက်ထက်မှာ ပြန်လည် ပြင်ဆင် ဖို့လည်း ရှိနေပါတယ်။

အရင်တုန်းက သတင်းထောက် ဆိုရင် သတင်းရေးသားယုံနဲ့ အလုပ် လုပ်လို့ ရနေပြီ ဖြစ်ပေမယ့် ရုပ်သံလွှင့် ဥပဒေ အသက်ဝင် လာပြီ ဆိုရင် Multi Media လုပ်ငန်း တွေကို သတင်းထောက်တွေက လုပ်ကိုင် ကြရတော့မှာ ဖြစ်ပါတယ်။

နောက် ၃ နှစ် အတွင်းမှာ စီးပွားရေး လုပ်ငန်း ရှင်တွေက ရုပ်သံ လုပ်ငန်းတွေမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံ လာတဲ့ အခါမှာ သတင်းထောက် လိုအပ်ချက်တွေ ရှိလာမှာ ဖြစ်ပါတယ်။

ရေဒီယို ထုတ်လွှင့်မှုက သတင်းစာ တစ်စောင် ထုတ်လုပ်မှုထက် အကုန်အကျ သက်သာ၊ ငွေကြေးဖြည့်တင်းမှုလည်း သက်သာတာကြောင့် ရေဒီယို ထုတ်လွှင့်မှု လုပ်ငန်းတွေ တိုးတက်လာ နိုင်မယ်လို့ ပြောပါတယ်။

မြန်မာ့ မီဒီယာ လောကဟာ ပြီးခဲ့တဲ့ နှစ် အတွင်းက သတင်းရယူ ရေးသား တင်ပြတဲ့ ပုံစံတွေမှာ ပြောင်းလာသလို သတင်း ပရိတ်သတ် ဘက်မှာလည်း စိတ်ဝင်စားမှုတွေ မြင့်တက်ခဲ့ပါတယ်။

သတင်းဦး၊ သတင်းထူး တွေကို အပြိုင် အဆိုင် ဖော်ပြကြရင်း သတင်းမီဒီယာ တွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကိုလည်း မေးခွန်း ထုတ်စရာတွေ ရှိနေပါတယ်။

အစိုးရ ဟောင်း ကို ဝေဖန် ထောက်ပြ ရာမှာ မြန်မာ့ မီဒီယာ လောက အနေနဲ့ တာဝန်ကျေ ခဲ့သလို ဆက်လက် တာဝန်ကျေ နိုင်မလားဆိုတာ သတင်း ပရိတ်သတ် တွေ အနေနဲ့ စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ