မြန်မာပြည်အနှံ့သင်္ကြန်ပွဲတွေစပြီ

  • 12 ဧပြီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံအနှံ့သင်္ကြန်ပွဲတွေစတင်နေပါပြီ

အင်္ဂါနေ့မှာ ကျရောက်တဲ့ မဟာသင်္ကြန်အကြို့နေ့မှာ သမ္မတ ဦးထင်ကျော်က တပ်ဖက်နဲ့ အရပ်ဖက်ကြား မဟာတံတိုင်းကြီး တခုခြားနေ သလို မဖြစ်စေချင်ကြောင်း သမ္မတ အိမ်တော်မှာ ကျင်းပတဲ့ သင်္ကြန်ပွဲ အဖွင့်မှာ ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် အမှန်တရား ဖက်မှာ ရပ်တည် နိုင်သူ တွေ ဖြစ်ဖို့နဲ့ မင်းပြစ်မင်းဒဏ် ကကင်းဝေး စေဖို့လည်း သူက ဆန္ဒပြုခဲ့ ပါတယ်။

ဒီနှစ်သင်္ကြန်ပွဲကို ကုန်ကျစားရိတ် သက်သာအောင် ကျင်းပတာ ဖြစ်တယ်လို့လည်း သမ္မတဦးထင်ကျော်က ပြောပါတယ်။

မန္တလေးနဲ့ ရန်ကုန် မြို့တွေမှာလည်း ဗဟိုမဏ္ဍပ် တွေကို တိုင်းဒေသကြီး ဝန်ကြီးချုပ် တွေက ဖွင့်လှစ်ပေးခဲ့ ပါတယ်။

မန္တလေးမြို့မှာတော့ အပူရှိန် ပြင်းတဲ့ မွန်းတည့် ၁၂ နာရီက ညနေ ၃ နာရီအထိ အချိန်အတွင်း ရေမကစားဖို့ ကန့်သတ် နှိုးဆော် ထားပေမယ့် တနေကုန် ရေကစား နေတာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရန်ကုန်မြို့မှာ ဗဟို မဏ္ဍပ် ကစည်ကားပေမယ့် ကျန်တဲ့နေရာ တွေမှာ အရင်နှစ်တွေလောက်စည်ကားတာ မတွေ့ရ ဘူးလို့ သင်္ကြန်ပွဲကို လှည့်လည်ကြည့်ခဲ့သူ တဦးကပြောပါတယ်။

ရန်ကုန်သင်္ကြန်မှာ သံချပ်ထိုးတဲ့ စာသားတွေကို အရင် နှစ်ကလို စိစစ်ရေး တင်ရတာ မရှိတော့ပေမယ့် မဏ္ဍပ်တွေမှာတော့ သံချပ် အဖွဲ့ အရေ အတွက်ကို ၈ ဖွဲ့အထိသာ ကန့်သတ် ထားတဲ့အတွက် သံချပ်အဖွဲ့တွေ အခက်အခဲ တွေ့ကြရတယ်လို့ သာကီနွယ် သံချပ်အဖွဲ့ခေါင်းဆောင် ဦးတင်အောင်က ဘီဘီစီကို ပြောပါတယ်။