အပစ်ရပ်၊ အပစ်မရပ် အဖွဲ့တွေကို အမေရိကန် သံအမတ်သစ် တွေ့ဆုံ

  • 12 ဧပြီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အမေရိကန်အစိုးရက အစဉ်မပြတ် ထောက်ပံ့ ကူညီမယ်လို့ ပြော

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်သစ် Scot Marciel ဟာ တိုင်းရင်းသား အပစ်ရပ်အဖွဲ့ ၈ခုနဲ့ အပစ်ရပ် လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဧပြီလ ပထမပတ်က တွေ့ဆုံ ခဲ့ပါတယ်။

လက်ရှိ အခြေအနေကို ကြားနာလိုတဲ့ သဘောရယ်၊ တခါ ငြိမ်းချမ်းရေးအပေါ် ထားတဲ့ အမေရိကန် အစိုးရရဲ့ သဘောထား မပြောင်းဘဲ ငြိမ်းချမ်းရေးကိစ္စကို ဆက်လက်ကူသွားမယ် ဆိုတာရယ်ကို အမေရိကန် သံအမတ်သစ်ကြီးက ရှင်းလင်း ပြောပြလိုတဲ့အတွက် တိုင်းရင်းသား အဖွဲ့တွေကို အခုလို ခေါ်ယူ တွေ့ဆုံခဲ့တာလို့ PNLO ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

အမေရိကန်သံအမတ်ကြီးက အပစ်ရပ် လက်မှတ်ထိုးတဲ့ အဖွဲ့ရော၊ လက်မှတ်မထိုးတဲ့အဖွဲ့ရောကို မခွဲခြားပဲ အားလုံး ဖိတ်ကြားခဲ့တာ တွေ့ရပြီး အပစ်ရပ် လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေထဲက ခေါင်းဆောင်တွေထဲမှာ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော် ကိုယ်စား ဗိုလ်ချုပ် ဆေထင် တဦးပဲ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်အနေနဲ့ တရုတ်နဲ့ ညှိနှိုင်းပြီး မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်၊ မြန်မာပြည်ကို ခုတုံးလုပ်ပြီး တရုတ်လို တိုင်းပြည်မျိုးကို ပြဿနာရှာဖို့ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ အမေရိကန် သံအမတ်ကြီး Scot Marciel က ပြောသွားတယ်လို့ ဦးခွန်ဥက္ကာက ပြန်ပြောပြပါတယ်။

တိုင်းရင်းသားတွေ ဘယ်အချိန်မှာ လက်မှတ်ထိုးတယ် မထိုးဘူး ဆိုတာကို အမေရိကန် ပြည်ထောင်စုအနေနဲ့ ဝင်ရောက် စွက်ဖက် သဘောထား ပေးမှာ မဟုတ်ပဲ တိုင်းရင်းသားတွေ ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသွားမှာ ဖြစ်ကြောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အမေရိကန်အစိုးရက အစဉ်မပြတ် ထောက်ပံ့ ကူညီသွားမှာ ဖြစ်ကြောင်းကိုလည်း ထုတ်ဖော်ပြောသွားတယ်လို့ ဆိုပါတယ်။

အစိုးရဟောင်းနဲ့ လုပ်ခဲ့တဲ့ သဘောတူညီချက်တွေကို လွှတ်တော်ကလည်း အတည်ပြုပြီး ဖြစ်သလို အစိုးရသစ်ကလည်း ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဖွင့်ပွဲမှာ ပါဝင် တက်ရောက်ခဲ့တဲ့အတွက် ဒါကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ယုံကြည်ထားကြောင်း တိုင်းရင်းသားတွေဘက်ကလည်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။