မြန်မာနိုင်ငံမှာ ပြင်းအား ၆ ဒဿမ ၈ရှိ ငလျင်လှုပ်

  • 13 ဧပြီ 2016
စစ်ကိုင်းတိုင်းအတွင်းငလျင်လှုပ်
Image caption စစ်ကိုင်းတိုင်းအတွင်းငလျင်လှုပ်

မြန်မာနိုင်ငံမှာ ဧပြီလ ၁၃ရက် ည၈နာရီ ၂၅မိနစ်က စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဘက် ၄၂မိုင် အကွာကို ဗဟိုပြုပြီး ပြင်းအား ၆ ဒဿမ ၈ ရှိတဲ့ ငလျင်တခု လှုပ်သွားခဲ့ပါတယ်။

အမေရိကန် ဘူမိဗေဒ ဌာနကတော့ ပြင်းအား ၆ ဒဿမ ၉ ရှိတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ငလျင်လှုပ်စဉ် တိုက်မြင့်ပေါ်က လူတွေ ပြေးဆင်းခဲ့ကြပြီး မန္တလေး၊ ရေဦး၊ ကန့်ဘလူ၊ မော်လိုက် စတဲ့ မြို့အတော်များများမှာလည်း မြေငလျင် လှုပ်သွားတဲ့ ဒဏ်ကြောင့် လူတွေ ထိတ်လန့်ကုန်ကြပါတယ်။

စေတီဘုရား တချို့ စိန်ဖူးတော် မြေခခဲ့တယ်လို့ သိရပါတယ်။

ကျောက်ပန်းတောင်းမှာတော့ ငလျင်ဒဏ်ကြောင့် ရေတွေ ဘောင်ဘင်ခတ် သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးမြို့မှာလည်း ပျက်စီးမှုတချို့ ရှိခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံ အာသံနဲ့ အနောက်ဘင်္ဂလား ပြည်နယ် တွေမှာလည်း ငလျင် လှုပ်တဲ့ ဒဏ်ကို ခံခဲ့ရပြီး ဘင်္ဂလားဒက်ရှ်နိုင်ငံ ဒက္ကာမြို့နဲ့ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွေမှာ အထပ်မြင့် အဆောက်အအုံ တွေကနေ လူတွေ အထိတ်လန့် ထွက်ပြေးခဲ့ကြရပါတယ်။