ဒေါင်းတို့ မျိုးဆက် ဖျော်ဖြေမှုမှာ ရဲတွေပါဝင်

Takatha Thangyat ဓာတ်ပုံ မူပိုင် Takatha Thangyut FB
Image caption တက္ကသိုလ် ကျောင်းသား သမဂ္ဂရဲ့ ဒေါင်းတို့ မျိုးဆက်သံချပ် အဖွဲ့ ဖျော်ဖြေမှု

မဟာ သင်္ကြန် အကြတ်နေ့ ပထမနေ့မှာ မြန်မာ နိုင်ငံတဝန်း သင်္ကြန် ပွဲတော်ကို ပျော်ပျော်ပါးပါး ဆက်လက် ဆင်နွှဲ နေကြပါတယ်။

ဖျော်ဖြေရေး အဖွဲ့တွေကလည်း မဏ္ဍပ်တွေနဲ့ ရပ်ကွက်ထဲတွေ အထိ သွားရောက် ဖျော်ဖြေနေကြပါတယ်။

ပြီးခဲ့တဲ့ တပတ်ကမှ ထောင်က လွတ်လာကြတဲ့ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တကသ ကျောင်းသားတွေရဲ့ ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့ကလည်း အင်းစိန်ထောင်ထဲမှာ အကျဉ်းကျ နေတုန်း ရေးခဲ့ကြတဲ့ သံချပ်တွေကို လှည့်လည် ဖျော်ဖြေ နေပါတယ်။

အကြတ်နေ့ မနက်ပိုင်းက မင်္ဂလာတောင်ညွန့် မြို့မ ရဲစခန်းမှာ သွားရောက် ဖျော်ဖြေခဲ့တုန်းက ရဲ စခန်းမှူးနဲ့ မြို့နယ်မှူးတို့ပါ ဝင်ရောက် သီဆိုခဲ့ကြတယ်လို့ သံချပ်ရေးသူ တစ်ယောက် ဖြစ်တဲ့ တကသ အဖွဲ့က ကိုဇေယျာလွင်က ပြောပါတယ်။

အခုနှစ် အတွက် သံချပ်ရေးသူတွေထဲမှာ တကသ ကျောင်းသားတွေ ဖြစ်တဲ့ ကိုဇော်လင်းထွဋ်၊ ကိုမင်းသူကျော်တို့လည်း ပါဝင် တယ်လို့ ဆိုပါတယ်။

ကျောင်းသားတွေ အကျဉ်းကျနေတဲ့ အတွက် ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့ မထွက်ရဘူးလို့ မဖြစ်ရအောင် အပြင်မှာ ရှိတဲ့သူတွေ လုပ်ဆောင်နိုင်အောင် ထောင်ထဲကနေ ရေးပေးခဲ့တာလို့လည်း ကိုဇေယျာလွင်က ပြောပါတယ်။

သူတို့အဖွဲ့က မဏ္ဍပ်တွေမှာ လိုက်လံ ဖျော်ဖြေတာ မဟုတ်ဘဲ ပြည်သူတွေနဲ့ ပိုမို ထိစပ်မှု ရှိအောင် ရပ်ကွက် ထဲမှာ မြေဝိုင်း ပုံစံနဲ့ ဖျော်ဖြေတာလို့ သူက ပြောပါတယ်။

အရင်က ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ အတွက် သံချပ်တွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းက ကိုမင်းကိုနိုင် ရေးပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတို့ ကိုယ်တိုင်ပဲ ရေးတယ်လို့ ကိုဇေယျာလွင်က ပြောပါတယ်။

အခုနှစ် သင်္ကြန်အနေအထားက ရေပက်ခံသူနဲ့ ဖျော်ဖြေရေး အဖွဲ့တွေ နည်းသွားလို့ အရင်နှစ်တွေနဲ့ ယှဉ်ရင် ခြောက်ကပ်သွားတယ်လို့ မြင်ရပေမဲ့ သင်္ကြန် သံချပ်ကားတွေနဲ့ အလှပြ ကားတွေ များလာပြီး ယဉ်ကျေးမှုပိုင်းကို ပိုမိုအားပေးလာတာ တွေ့ရတယ်လို့ ကိုဇေယျာလွင်က ပြောပါတယ်။