အရေးကြီးလုပ်စရာတွေ ရှိလို့ သင်္ကြန်တွင်း ဒေါ်စု ရုံးတက်

  • 15 ဧပြီ 2016
DASSK ဓာတ်ပုံ မူပိုင် State Counsellor Office
Image caption ခွဲထားတဲ့ မျက်စိတစ်ဖက် အခြေအနေ ကောင်းမွန်

မဟာ သင်္ကြန် အကြတ်နေ့ ဧပြီလ ၁၄ ရက်နေ့က ၃ နာရီလောက် ကြာအောင် ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော် အတိုင်ပင်ခံ ရုံးမှာ ရုံးလာ တက်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က တွေ့သင့် တွေ့ထိုက်သူတွေနဲ့ တွေ့ပြီး အရေးကြီး ကိစ္စရပ်နဲ့ ပတ်သက်တဲ့ အစည်း အဝေး တချို့ လုပ်ခဲ့တဲ့ အပြင် ရုံးလုပ်ငန်း ဆိုင်ရာ အဆုံးအဖြတ် ပေးရမှာတွေကို ဆောင်ရွက်ခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အနေနဲ့ ပထမဆုံး အကြိမ် ကြေညာချက် ထုတ်ခဲ့ချိန်ကစပြီး မြန်မာ နှစ်ဆန်း ၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွတ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေတဲ့ အတွက် အရေးကြီး ကိစ္စဆိုတာ အဲဒါ ဖြစ်နိုင်လား ဆိုတာကိုတော့ သူက တိတိကျကျ မဖြေခဲ့ပါဘူး။

မကြာသေးခင်က တရုတ် နိုင်ငံခြားရေး ဝန်ကြီး နဲ့ တွေ့ဆုံခဲ့ပြီးနောက် မြစ်ဆုံ စီမံကိန်း ကိစ္စ အကြောင်းပြန်ဖို့ တယ်လို့ လူအများ သုံးသပ် ပြောဆိုနေတာတွေနဲ့ ပတ်သက်သလား ဆိုတာကိုတော့ ဦးဇော်ဌေးက အဲဒီ ကိစ္စ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။

တခါ TIME မဂ္ဂဇင်းကြီးရဲ့ အခုနှစ် ၂၀၁၆ ခုနှစ် အတွက် သြဇာအကြီးဆုံး ပုဂ္ဂိုလ် စာရင်းမှာ ဒေါ်အောင်ဆန်း စုကြည်က နံပတ်သုံးနေရာ ရှိနေတာနဲ့ ပတ်သက်လို့ တော့ ဒါဟာ ကမ္ဘာ့လူထု သဘောထားလည်း ဖြစ်ပြီး ကမ္ဘာ့ ထင်ရှားကျော်ကြားသူတွေ စာရင်းမှာ ပါလို့ ဝမ်းသာစရာ ကောင်းကြောင်းသူက ပြောပါတယ်။

နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်ပြီး အစိုးရ အဖွဲ့ အသစ်ဖြစ်လာချိန်မှာ အချိန်ကိုက် ဂူဏ်ပြုခံရတာလို့ ယူဆကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ