ကိုယ့်အမှိုက် ကိုယ်ရှင်း လှုပ်ရှားမှု စတင်

Image caption ညဘက်တွေမှာ စည်ပင် ဝန်ထမ်းတွေက အမှိုက်တွေကို လိုက်လံ ရှင်းလင်း ခဲ့

နာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဖြစ်သူ ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူ က ကိုယ့်အမှိုက် ကိုယ်ရှင်း ဆိုတဲ့ ပိုစတာကို ကိုယ်တိုင် ကိုင်ပြီး ရန်ကုန်မြို့က လူသွား လူလာ များတဲ့ လမ်းဆုံ လမ်းမကြီးတွေပေါ်မှာ အမှိုက် မပစ်ရေး လှုပ်ရှားမှု ကို ဧပြီလ ၁၅ ရက်နေ့မှာ လုပ်ဆောင် ခဲ့ပါတယ်။

ဧပြီလ ၁၄ ရက်နေ့က သံချပ် ဖျော်ဖြေမှု အပြီး အိမ်အပြန်လမ်း တစ်လျှောက် လမ်းမ တွေက သင်္ကြန် မဏ္ဍပ်တွေမှာ အမိုက်တွေ ပွ နေတာ ကို မြင်တွေ့ ခဲ့ရပြီး အခုလို အမှိုက်ကောက်တဲ့ လှုပ်ရှားမှုကို စတင် ဖြစ်ခဲ့တာလို့ ပြောပါတယ်။

ညဘက်တွေမှာ စည်ပင် ဝန်ထမ်းတွေက အမှိုက်တွေကို လိုက်လံ ရှင်းလင်း ခဲ့ပေမယ့် နေ့လည် ဘက်တွေမှာ အမှိုက်တွေ ပွပြီး လူမြင်လို့ မကောင်းတဲ့ အတွက်ကြောင့် အင်းစိန်က ဗြဟ္မာ့ ဝိဟာရ အသင်း နဲ့ နာရေး ကူညီမှု အသင်း တို့ ပူးပေါင်း ပြီး လုပ်တာလို့ ဆိုပါတယ်။

အဓိက ကတော့ ပြည်သူတွေကို လှုံ့ဆော်မှု ပေးချင်တာ ဖြစ်တာကြောင့် သူကိုယ်တိုင် ပါဝင်လှုပ်ရှား ခဲ့တာ ဖြစ်ပြီး ရေပက်ခံ ထွက်တဲ့ ကားတွေ နဲ့ ယာဉ်ထိန်းရဲ အဖွဲ့တွေကလည်း ကူညီမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

အရင်အစိုးရ လက်ထက် တုန်းကလည်း အမှိုက်ကောက်ခွင့် မပေးခဲ့တဲ့ အတွက် မလုပ်ကိုင် ခဲ့ရဘူးလို့ နာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

ကိုယ့်အမှိုက် ကိုယ်ရှင်း ဆိုတဲ့ ဆောင်ပုဒ်ကြောင့် ပြည်သူတွေ အနေနဲ့ မိမိနေထိုင် ရာ အိမ်က အမှိုက်တွေကိုရှင်းလင်း၊ လမ်းသွားလာရင်း နဲ့ အားလုံးပူးပေါင်းပြီး အမှိုက်ကောက် ပါဝင် လာခဲ့မယ်ဆိုရင် ပြဿနာ ပြေလည် နိုင်မယ်လို့ ပြောကြား ခဲ့ပါတယ်။