ရွှေတောင်ကုန်း ဆရာတော် ပျံလွန်တော်မူ

  • 16 ဧပြီ 2016
Image caption ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၉၅၊ သိက္ခာတော် ၇၅ ဝါ ဖြစ်ပါတယ်။ ဓါတ်ပုံ - ကိုခင်မောင်လေး

ပဏ္ဍိတာ ရာမ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာ သြဝါဒါ စရိယ ဆရာတော် ဘုရားကြီး အရှင် ပဏ္ဍိတာ ဘိဝံသ ဟာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ဆေးရုံမှာ ဧပြီလ ၁၆ ရက်နေ့ မနက်က ပျံလွန်တော် မူခဲ့ပါတယ်။

ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၉၅၊ သိက္ခာတော် ၇၅ ဝါ ရှိပြီ ဖြစ်ပါတယ်။

ခေျာင်းဆိုးပြီး အဖျား ရောဂါ နဲ့ ရန်ကုန် ဆေးရုံကြီး နဲ့ အာရှတော်ဝင် ဆေးရုံ ကိုလည်း တင်ခဲ့ရသေးတယ်လို့ ပဏ္ဍိတာ ရာမ ရွှေတောင်ကုန်း ကျောင်းတိုက် ရဲ့ ဝန်ဆောင် ဆရာတော် ဦးကုမာရက ပြောပါတယ်။

ရန်ကုန် ဆေးရုံကြီးကနေတဆင့် ဘန်ကောက် က ဆေးရုံကို ပြောင်းရွှေ့ တင်ဆောင်ခဲ့ပြီး ၅ ရက်အကြာမှာ ပျံလွန်တော်မူတယ်လို့ ပြောပါတယ်။

ဆရာတော်ကြီးဟာ အသက် ၁၂ နှစ်သား အရွယ် မှာ သာမဏေ အဖြစ် သာသနာ့ ဘောင်ကို စတင် ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ရဟန်းဝါ ၇ ဝါ ခန့်မှာ မဟာစည် ဆရာတော် ဘုရားကြီးရဲ့ သတိပဋ္ဌာန် လုပ်ငန်းတွေမှာ ဆောင်ရွက် ခဲ့ပါတယ်။

မဟာစည် ဆရာတော် ဘုရားကြီးရဲ့ အင်မတန် အားကိုး ရတဲ့ လက်ရုံးဖြစ်ခဲ့ပြီးအင်မတန် ရိုးသားပြီး မာန်မာန မရှိဘူးလို့လည်း ပြောပါတယ်။

နိုင်ငံနဲ့ လူမျိုး အတွက် ရှေ့တန်းက မားမားမတ်မတ် ရပ်တည် ကြိုးစား အားထုတ်တော် မူခဲ့ပါတယ်။ ဆရာတော် ဘုရား ဟာ သူ့ရဲ့ ယုံကြည်ချက် နဲ့ ရပ်တည်မှုကြောင့် တိုင်း သံဃာ နာယက လို အဖွဲ့အစည်းမျိုးတွေရဲ့ သတိပေးမှုတွေ ရှိတယ်လို့ လည်း ပြောပါတယ်။

ဆရာတော်ကြီးရဲ့ အန္တိမ ပူဇော်ပွဲ ကို ဧပြီလ ၂၀ ရက်နေ့မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ