မြန်မာနှစ်ဆန်း သမ္မတ လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းသားတချို့ လွတ်မြောက်မယ်

myanmar_prison ဓာတ်ပုံ မူပိုင် EPA
Image caption ပြန်လွတ် လာမယ့် သူတွေ ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင် လာနိုင်တယ်။

မြန်မာ နှစ်ဆန်း တစ်ရက် ဧပြီလ ၁၇ ရက် မှာ နိုင်ငံ တဝှမ်း အကျဉ်းထောင်တွေ ထဲက အကျဉ်းသား ၈၃ ဦးကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်း ခွင့်ပြုပြီး ပြန်လွှတ် ပေးမယ် လို့ သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုး ပြီး ထုတ်ပြန် ပါတယ်။

ဒါဟာ ဖွဲ့စည်းပုံ က ခွင့်ပြုထားတဲ့ သမ္မတ အာဏာကို အသုံးပြုပြီး လွတ်ငြိမ်းခွင့် ပေးတာ ဖြစ်တယ် ဆိုပြီးတော့လည်း အခြေခံ ဥပဒေပါ ပုဒ်မ ၂၀၄ (က) ကို ရည်ညွှန်း ဖော်ပြ ထားပါတယ်။

ပြန်လွှတ်ပေးမယ် ဆိုတဲ့ အကျဉ်းသား ၈၃ ဦး ရဲ့ နာမည် စာရင်း ကို တပါတည်း ထုတ်ပြန် မပေး သေးပေမယ့် ပြန်လွတ် လာမယ့် သူတွေ ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင် လာနိုင်တယ် ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ် နေပါတယ်။

အဲဒီ့ အထဲမှာ မကွေးတိုင်း ပေါက်မြို့နယ် စစ်တပ် ကန့်သတ်နယ်မြေထဲက စက်ရုံ သတင်း အကြောင်း ဖော်ပြမှု နဲ့ ထောင်ချ ခံနေရတဲ့ ယူနတီ ဂျာနယ် က သူတွေ ၅ ဦး လည်း ပါဝင် တဲ့ အကြောင်း ဘီဘီစီ အနေနဲ့ အတည်ပြု ထား နိုင်ပါတယ်။

သက်ဆိုင်ရာ ပုခုက္ကူ ထောင်အာဏာပိုင် တွေက မိသားစုဝင် တွေ ဆီ အကြောင်းကြား ထားနှင့်ပြီး ဖြစ်တယ် လို့ ယူနတီ သတင်းထောက် ကိုလူမော်နိုင်ရဲ့ ဇနီး မလွင်လွင်မြင့်က ဘီဘီစီ ကို ပြောပါတယ်။

ယူနတီ ဂျာနယ်တိုက်က စာနယ်ဇင်း သမားတွေ ဟာ ထောင်ဒဏ် ၇ နှစ် ကျခံ နေရာကနေ ၃ နှစ် နီးပါး အချိန်မှာ ပြန်လည် လွတ်မြောက် လာမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ