အစိုးရသစ်လက်ထက် ရန်ကုန်သင်္ကြန် ထူးခြား အောင်မြင်

ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရသစ်ရဲ့ စီမံချက်သစ်အောက်မှာ ရန်ကုန် သင်္ကြန် အောင်မြင်စွာ ကျင်းပ ပြီးစီး

ဧပြီလ ၁၆ရက် သင်္ကြန် အတက်နေ့မှာ ရန်ကုန်မြို့ သင်္ကြန်ပွဲတော်ကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဗဟိုမဏ္ဍပ် ပိတ်ပွဲ အခမ်းအနားနဲ့ အောင်မြင်စွာ ပိတ်သိမ်းပေးခဲ့ပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ချမှတ်ခဲ့တဲ့ စီမံချက်သစ် အောက်မှာ ဒီနှစ် ရန်ကုန် သင်္ကြန်ပွဲတော် အတိုင်းအတာ တခုအထိ အောင်မြင်ခဲ့တယ်လို့ ရန်ကုန်တိုင်း လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေး ကော်မီတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဘီဘီစီကို ပြောပါတယ်။

အခုနှစ်မှာ မူးယစ်ရမ်းကား သောက်စားသူတွေ မနှစ်ကထက် သိသိသာသာ လျော့နည်းသွားသလို ရန်ကုန်မြို့မှာ မဏ္ဍပ်တွေ များပြီး ကားတွေ ပိတ်နေမလား ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိခဲ့ပေမယ့် ကားပိတ်တာမျိုး လုံးဝမရှိခဲ့ပဲ မြို့နယ်အနှံ့မှာ အုန်းလက် မဏ္ဍပ်တွေ ပေါ်လာပြီး ဟိုးတုန်းကလို မိသားစုလိုက် ရေကစားကြတာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

အရင်အစိုးရ ပါမစ် ချပေးခဲ့တဲ့ မဏ္ဍပ်ကြီးတွေကို စည်းကမ်းချက် ၄၅ချက်နဲ့ အညီ ဆက်ဖွင့်ခွင့်ပေးခဲ့ရာမှာ စည်းကမ်းချက်တွေနဲ့အညီ လိုက်နာ ဆောင်ရွက်တာ တွေ့ရတယ်လို့ သူကပြောပါတယ်။

ဖွင့်ခွင့်ရခဲ့တဲ့ မဏ္ဍပ်တွေမှာ မူးယစ်ဆေးဝါး ရောင်းချတာမျိုး၊ အရက်သေစာ သောက်စား ရမ်းကားတာမျိုးတွေကို မှတ်တမ်းတင်နေတဲ့ ရဲတပ်ဖွဲ့တွေ၊ အထူးစုံစမ်း စစ်ဆေးရေး တာဝန်ကျတွေက သင်္ကြန်ပြီးရင် ဒီမှတ်တမ်းတွေအရ အရေးယူ ဆောင်ရွက်မှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

အခုနှစ် သင်္ကြန်မှာ ပြည်သူ့ရဲတွေ၊ ရဲဝန်ထမ်းတွေအနေနဲ့လည်း ပြည်သူတွေကို တာဝန်ကျေစွာ စောင့်ရှောက်ခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

အခုနှစ်မှာ သံချပ်ကားတွေ အများကြီး ထွက်လာခဲ့ပြီး မြန်မာ့ ယဉ်ကျေးမှု ဖော်ထုတ်တဲ့ အစီအစဉ်တွေ လုပ်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် မြန်မာ့ ယဉ်ကျေးမှုကို ဖော်ထုတ်တဲ့ ယိမ်းတွေ၊ အကအလှ သဘာဝတွေက ဗြုန်းကနဲ စီစဉ်ရတာ ဖြစ်တဲ့အတွက် ပြည့်စုံချင်မှ ပြည့်စုံမှာ ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း အခုတက်လာတဲ့ အစိုးရရဲ့ ပေါ်လစီတွေ၊ မူဝါဒတွေကို နောင်နှစ်မှာ ကြိုတင် ပြင်ဆင်မှုတွေနဲ့အတူ လုပ်ချင်တဲ့ အတိုင်းအတာအရ လုပ်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ရန်ကုန်တိုင်း လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေး ကော်မီတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောပါတယ်။