ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းအပေါ် သုံးသပ်ချက်

Image caption စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်း စုကြည်နဲ့ စစ်အစိုးရအကြား ဦးအောင်ကြည်က ကြားခံ ဆက်သွယ်ပေးခဲ့

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဧပြီလ ၁၈ရက်နေ့ မနက်က ပြောကြားခဲ့တဲ့ မြန်မာ့ နှစ်သစ်ကူး အထိမ်းအမှတ် မိန့်ခွန်းထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စ တွေကို အဓိက ထည့်သွင်း ပြောဆိုသွားခဲ့ ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အပစ်အခတ် ရပ်စဲရေး စတင် လုပ်ဆောင်ခဲ့တဲ့ အရင်အစိုးရရဲ့ လုပ်ရပ်ကို တန်ဖိုးထားပြီး လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်လာတဲ့အထိ ပြီးမြောက်အောင် ဆက်လက် ဆောင်ရွက် သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး ညီလာခံတွေကနေ တဆင့် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင် နိုင်ဖို့လည်း လုပ်ဆောင်မှာ ဖြစ်တဲ့ အတွက် အဲဒီလို တကယ် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါက်ဖွား စေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှိဖို့ လိုကြောင်းနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လုပ်တဲ့ အခါမှာလည်း ပြည်သူ လူထုကို မထိခိုက်တဲ့နည်း၊ နိုင်ငံ တည်ငြိမ် အေးချမ်းမှုကို မထိခိုက်တဲ့ နည်းတွေနဲ့ လုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို မြန်မာ့ နိုင်ငံရေးမှာ စဉ်းစား တွေးခေါ်မှု စံတခု၊ ရွှေ့ပြောင်းခြင်းရဲ့ အစလို့ ကင်ပွန်းတပ်ချင်ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်က ဘီဘီစီကို ပြောပါတယ်။

ဒီမိန့်ခွန်းထဲမှာ ပြည်သူအတွက်၊ နိုင်ငံအတွက် ဦးစားပေးပြီး အားလုံး ပူးပေါင်း ဆောင်ရွက်သင့်တယ်၊ ဘယ်သူ့ကို မဆို လက်တွဲ ခေါ်ယူမယ် ဆိုတဲ့ သဘော ပါတယ်လို့ ဆိုပါတယ်။

အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မရှိပဲ ဖြစ်နေတဲ့ ကာလတွေက နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ ဖြစ်တဲ့အတွက် အချိန်ယူပြီး စီတ်ရှည် လက်ရှည် လုပ်ရဖို့ ရှိတယ်လို့ ဦးအောင်ကြည်က ပြောပါတယ်။

အရင်က အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မအောင်မြင်ခဲ့တာဟာ ဒီမိုကရေစီ စနစ် မရှိပဲ၊ ဒီမိုကရေစီ ဝါဒကို မယုံပဲ ပြဿနာတွေကို ဖြေရှင်းခဲ့တာကြောင့် ပန်းတိုင်အထိ မရောက်နိုင်ပဲ လမ်းခုလပ်မှာ ရပ်သွားခဲ့ရတာလို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်ကပြောပါတယ်။