ဖွဲ့စည်းပုံပြင်ရေး လူထု မထိခိုက်တဲ့ နည်းနဲ့ လုပ်ဆောင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

  • 18 ဧပြီ 2016
_daw_su_new_year_speech_
Image caption စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါက်ဖွား စေမယ့် ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ ရှိဖို့ လို။

မြန်မာ နိုင်ငံရဲ့ လက်ရှိ အစိုးရဟာ ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလ တုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က အများပြည်သူ ကို တင်ပြ ထားခဲ့ တဲ့ မူဝါဒ တွေ အပေါ် အခြေခံ တည်ဆောက် မယ့် အစိုးရ ဖြစ်တယ် ဆိုပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုတဲ့ ရာထူး နေရာ ရယူ ထားတဲ့ ဒေါ် အောင်ဆန်း စုကြည် က ပြောလိုက် ပါတယ်။

NLD ပါတီရဲ့ မူဝါဒ တွေ လို့ ပြောတဲ့ အခါ အမျိုးသား ရင်ကြားစေ့ရေး က အရေးကြီး ဆုံး ဖြစ်ပြီး NLD ကို မထောက်ခံသူ တွေ အတွက်ပါ အခု အစိုးရက တာဝန်ယူ သွားမှာ ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာ့ နှစ်သစ်ကူး အထိမ်းအမှတ် မိန့်ခွန်း အနေနဲ့ ဧပြီလ ၁၈ ရက်နေ့ မှာ ပြောကြား လာတဲ့ မိန့်ခွန်း ထဲ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ဖွဲ့စည်းပုံ အခြေ ဥပဒေ ပြင်ဆင် ရေး ကိစ္စ တွေ ထည့်သွင်း ပြောဆို ခဲ့ ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အပစ်အခတ် ရပ်ရေး ကို စတင် လုပ်ဆောင် ခဲ့တဲ့ အရင် အစိုးရ ရဲ့ လုပ်ရပ် ကို တန်ဖိုး ထားပြီး အဖွဲ့ အားလုံး ပါဝင် လာတဲ့ အထိ ပြီးမြောက် အောင် ဆက်လက် ဆောင်ရွက် သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး ညီလာခံ တွေ ကနေ တဆင့် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင် နိုင်ဖို့လည်း လုပ်ဆောင် မှာ ဖြစ်တဲ့ အတွက် အဲဒီလို တကယ် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါက်ဖွား စေမယ့် ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ ရှိဖို့ လိုတယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒါ့ကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ဆောင် ဖို့ ရာ လိုအပ် ပြီး ပြင်ဆင်ဖို့ လုပ်တဲ့ အခါမှာလည်း ပြည်သူ လူထုကို မထိခိုက်တဲ့နည်း၊ နိုင်ငံရဲ့ အေးချမ်းမှု ကို မထိခိုက် တဲ့ နည်းတွေ နဲ့ လုပ်ဆောင် မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ