စစ်တွေမှာ စက်လှေမှောက်လို့ သေဆုံးသူ ၂၀ ကျော်

  • 20 ဧပြီ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption စက်လှေမှောက်ရာက အသက်မသေ လွတ်လာသူတွေ

စစ်တွေမြို့ သဲချောင်းဆိပ်ကမ်းအနီး ဧပြီလ ၁၉ ရက်နေ့က တိမ်းမှောက်ခဲ့တဲ့ စက်လှေပေါ်လိုက်လာကြသူတွေထဲက အလောင်း ၄ လောင်းကို ဧပြီလ ၂၀ ရက်နေ့မှာ ထပ်မံ တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် စုစုပေါင်း သေဆုံးသူ အရေအတွက်ဟာ ၂၂ ဦး ထိရှိလာပြီ ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ လူအရေအတွက်ကလည်း ၄၀ ကျော် လောက်ရှိပြီး ရှာဖွေရေး လုပ်ငန်းတွေကို လုပ်နေဆဲဖြစ်ပါတယ်။

ရှာဖွေရေးလုပ်ငန်းတွေကို အစိုးရဘက်ကထက် ဒုက္ခသည်စခန်းဘက်က လှေတွေကပဲအဓိကလုပ်ကိုင်နေတာဖြစ်တယ်လို့ သဲချောင်းဒုက္ခသည်စခန်းက ကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

ဒီစက်လှေမှောက်တဲ့ နေရာကတော့ ပြီးခဲတဲ့နှစ်က လူကုန်ကူးစက်လှေတွေ ခိုးထွက်တဲ့နေရာလို့ လူသိများတဲ့ သဲချောင်းဆိပ်ကမ်းအနီး ဖြစ်ပါတယ်။

အသက်မသေဘဲ လွတ်လာသူတွေအပြောအရဆိုရင်တော့ သူတို့ဟာ ရိက္ခာပြတ်တာ၊ ဆေးကုသမှုခံချင်တာတို့ကြောင့် ရခိုင်ပြည်နယ်၊ ပေါက်တော်မြို့နယ်၊ ဆင်တက်မော် ကျေးရွာကနေ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၈၀ ကျော်လောက် စက်လှေနဲ စစ်တွေမြို့ဘက်ကို အလာ အဲဒီ့ သဲချောင်းဆိပ်ကမ်း မရောက်ခင် ဧပြီလ ၁၉ရက်နေ့က လှိုင်းဒဏ်ကြောင့် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီစက်လှေနဲ လိုက်ပါပြီး အသက်မသေဘဲလွတ်လာသူ ကိုညီချေက သူတို့ဟာ မြေပုံဒုက္ခသည်စခန်းကနေ ဆင်တက်မော် ကိုလာပြီး အဲဒီကနေ စစ်တွေကိုလာခဲ့တာလို့ ပြောပါတယ်။

သူကတော့ ရေကူးတတ်လို့ အသက်မသေဘဲ လွတ်လာခဲ့ပေမယ့် ရေမကူးတတ်သူတွေ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စက်လှေမှောက်လို့ သေဆုံးခဲသူတွေရဲ မိသားစုဝင်တွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးက သဲချောင်းစခန်းကို လာရောက်ပြီး မိသားစု တစ်စုကို ငွေ ၂ သိန်းစီ ထောက်ပံ့ပေးခဲတယ်လို့လည်းသိရပါတယ်။

အခုစက်လှေမှောက်တဲနေရာဟာ မကြာခဏစက်လှေမှောက်တဲ့ နေရာဖြစ်ပြီး ဒုက္ခသည်တွေကတော့ ဒီလိုဒုက္ခဆိုးတွေလွတ်အောင် သူတို့လွတ်လပ်စွာခရီးသွားလာခွင့်ရဖို့ နဲ့ ကိုယ့်နေရပ်ရင်းတွေမှာပြန်နေခွင့်ရကြဖို့ကို မျော်လင့်နေကြပါတယ်။