DKBA ခေါင်းဆောင်သစ် ခန့်

  • 20 ဧပြီ 2016
Image caption ဗိုလ်ချုပ်ကြီး စောမိုရှေးဟာ လူချစ်လူခင် များပြီး တိုးတက်တဲ့ အမြင်ရှိသူလို့ လူပြောများ

ပြီးခဲ့တဲ့လပိုင်းက ကွယ်လွန်သွားတဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA ရဲ့ ခေါင်းဆောင်ဟောင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလာပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေးရဲ့ နေရာမှာ DKBA အဖွဲ့က သူတို့ရဲ့ ခေါင်းဆောင် အသစ်ကို ဧပြီလ ၁၉ရက်နေ့က ရွေးချယ်တင်မြှောက်လိုက်ပါပြီ။

DKBA က အသစ် တင်မြှောက်လိုက်တဲ့ သူတို့အဖွဲ့ရဲ့ ခေါင်းဆောင် စစ်ဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး စောမိုရှေးဟာ အဖွဲ့ အတွင်းမှာ လူချစ်လူခင် များပြီး တိုးတက်တဲ့ အမြင်ရှိသူလို့ လူပြောများပါတယ်။

သူဟာ လက်ရှိ ယာယီ စစ်ဦးစီးချုပ် တာ၀န် ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။

ကွယ်လွန်သူ DKBA ခေါင်းဆောင်ဟောင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလာပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး နေရာမှာ ခေါင်းဆောင် အစားထိုး ရွေးချယ်ပြီး ပြန်လည် ဖွဲ့စည်းတဲ့ ညီလာခံကို DKBA ရဲ့ဆုံ ဆည်းမြိုင် ဌာနချုပ်မှာ ကျင်းပတဲ့ အခမ်းအနားမှာ သူ့ကို ရွေးချယ်လိုက်တာပါ။

အဲဒီမှာ စစ်ဦးစီးချုပ်အပြင် ဒုတိယ စစ်ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီး၊ စစ်ဦးစီး အရာရှိချုပ် အဖြစ် ဗိုလ်ချုပ် စောနုခုပ် တို့ကိုလည်း ရွေးချယ် လိုက်တယ်လို့ DKBA ခေါင်းဆောင် အသိုင်း အဝိုင်းက ပြောပါတယ်။

ကျန်ရှိသေးတဲ့ ရာထူးတွေနဲ့ DKBA မှာ ဗဟို လုံခြုံရေး ဗျူဟာနဲ့ တခြား တိုက်ခိုက်ရေး ၂ ဗျူဟာ အပါအ၀င် ၃ ဗျူဟာနဲ့ ပြန်လည် ဖွဲ့စည်းရေး ကိစ္စတွေကို ဆက်လက် ဆွေးနွေး ညှိုနှိုင်း ဆောင်ရွက် သွားဖို့ ရှိပြီး မူဝါဒ အပိုင်းမှာတော့ သိပ်ပြီး အပြောင်းအလဲ ရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။