DKBA မှာ အပြောင်းအလဲအချို့ ပြုလုပ်

  • 20 ဧပြီ 2016
Image caption ကွယ်လွန်သူ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလာပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး နေရာမှာဗိုလ်ချုပ်ကြီး စောမိုရှေး ကို အစားထိုး ရွေးချယ်

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA မှာ ခေါင်းဆောင်အသစ်တက်လာပြီးတဲ့ အချိန်မှာ မူဝါဒနဲ့ ဖွဲ့စည်းပုံပြောင်းလဲတာတွေ့ရပါတယ်။

DKBA ရဲ့အရေးကြီးဆုံး အပြောင်းအလဲကတော့ ဘာသာရေးနဲ့ မပတ်သက်တဲ့မူကိုကျင့်သုံးလာ တာပါပဲ။

အရင်တုံးကဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်မတော်ကနေ အခု ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA ဆိုပြီးပြောင်းခဲ့ပြီး အရင်ကသူတို့ရဲ့လက်မောင်း တံဆိပ်မှာ ဘာသာရေးအလံပုံတပ်ထားရာကနေ ငြိမ်းချမ်းရေးသင်္ကေတဖြစ်တဲ့အပြာရောင်ပေါ် မှာ ဂျိုးဖြူ အမှတ်အသား ကို ပြောင်းလဲ ခဲ့ပါတယ်။

ကွယ်လွန်သူ DKBA ခေါင်းဆောင်ဟောင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလာပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး နေရာမှာဗိုလ်ချုပ်ကြီး စောမိုရှေး ကို အစားထိုး ရွေးချယ်ပြီးDKBA ရဲ့ ဋ္ဌာနချုပ် ဆုံဆည်းမြိုင်မှာ ကျင်းပတဲ့ ညီလာခံအခမ်းအနားမှာ ခန့်အပ် ခဲ့ပါတယ်။

အဲဒီမှာ စစ်ဦးစီးချုပ်အပြင် ဒုတိယ စစ်ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီး၊ စစ်ဦးစီး အရာရှိချုပ် အဖြစ် ဗိုလ်ချုပ် စောနုခုပ် တို့ကိုလည်း ရွေးချယ် လိုက်တယ်လို့ DKBA ခေါင်းဆောင် အသိုင်း အဝိုင်းက ပြောပါတယ်။

မူဝါဒပိုင်းမှာလဲ ဘယ်သူ့သြဇာကိုမှမခံပဲ၊ ငြိမ်းချမ်းရေး၊ဒီမိုကရေစီရေးနဲ့ဖက်ဒရယ်အရေးကိုအဓိက အလေးထားပြီးဆောင်ရွက်သွားမယ်လို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့ဒုတိယစစ်ဉီးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောစတီးက ပြောပါတယ်။

အရင် စစ်ဉီးစီးချုပ် စောလားပွယ် ချမှတ် ထားတဲ့ ငြိမ်းချမ်းရေး လမ်းစဉ် ကို ဆက်လက် ကျင့်သုံးမှာ ဖြစ်ပြီး လက်ရှိ အစိုးရနဲ့လည်း လက်တွဲ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောပါတယ်။

သူတို့ရဲ့တပ်တွေကိုလည်းအရင်လိုမပြန့်ကျဲနေပဲကျစ်ကျစ်လစ်လစ်ဖြစ်အောင် တပ်ရင်း ၉ ရင်းနဲ့ ပြန်လည် ဖွဲ့စည်းထားကြောင်း ဒုတိယ စစ်ဉီးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီးက ပြောပါတယ်။

ကျန်တဲ့အသေးစိတ် အချက်အလက်တွေကို ဆက် ဆွေးနွေးပြီးဧပြီလ ၂၂ ရက်နေ့ အထိ DKBA ရဲ့ ညီလာခံ ကို ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ