NCA ထဲမပါသေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ နဲ့ တပ်မတော်တွေ့ဖို့ရှိ

  • 22 ဧပြီ 2016
Arakan Army
Image caption ရခိုင့်တပ်မတော် စစ်ရေးပြစဉ်

ပြီးခဲ့တဲ့ အစိုးရ လက်ထက် NCA တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် အတွက် ဆွေးနွေးပွဲ တွေမှာ ဖိတ်ခေါ်ခြင်း မခံခဲ့ရတဲ့ MNDAA ကိုးကန့်အဖွဲ့၊ AA ရခိုင်တပ်မတော်နဲ့ TNLA ပလောင် အဖွဲ့တို့နဲ့ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှိပါတယ်။

တပ်မတော်ဘက်က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တာဝန်ပေးထားတဲ့ အငြိမ်းစား ဒုတိယဗိုလ်ချူပ်ကြီး ခင်ဇော်ဦးက လာမယ့် မေလဆန်းပိုင်းမှာ ချင်းမိုင်ကို လာရောက်ပြီး အဲဒီအဖွဲ့တွေနဲ့ အလွတ် သဘောတွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့က လည်း ပြန်လည် ဆွေးနွေးဖို့ အကြောင်းပြန်ထားပြီးပြီလို့ ရခိုင် နဲ့ ပလောင် လက်နက်ကိုင်တပ်ဖွဲ့တွေက ဘီဘီစီ ကို အတည်ပြု ပြောပါတယ်။

တဖက်မှာလည်း အပစ်ရပ်ရေးစကားပြောနိုင်မယ်လို့ မျှော်လင့်ထားသလို အရင်လိုပဲ လက်နက်ချဖို့ လာပြောမယ်ဆိုရင်တော့ အဆင်မပြေနိုင်ကြောင်း ရခိုင်တပ်မတော် က ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး ကျော်ဟန် က ပြောပါတယ်။