သမ္မတရဲ့ လုံခြုံရေး အရာရှိချုပ်ခန့်

  • 21 ဧပြီ 2016
Burmese President U Htin Kyaw ဓာတ်ပုံ မူပိုင် bbc
Image caption လုံခြုံရေး အရာရှိချုပ်က သမ္မတနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ရဲ့ လုံခြုံရေးကို စီစဉ် ဆောင်ရွက်ရမယ်

မြန်မာနိုင်ငံ သမ္မတရဲ့ လုံခြုံရေး အရာရှိချုပ် အဖြစ် သတင်းတပ်ဖွဲ့ SB ရဲ့ဒုတိယ တပ်ဖွဲ့မှူး လုပ်ခဲ့သူ ရဲမှူးချုပ် ဦးဝင်းနိုင်ထွန်းကို ခန့်အပ်လိုက် ပါတယ်။

ရဲမှူးချုပ် အနေနဲ့ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် သမ္မတရဲ့ လုံခြုံရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ဟန်ချက်ညီညီ လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက် ပေးရမှာဖြစ်ပါတယ်။

ဒီတာဝန် ထမ်းဆောင်ဖို့ သင်္ကြန်မတိုင်ခင်က ခေါ်ယူတွေဆုံပြီး တာဝန်ပေးခဲ့တာ ဖြစ်ကြောင်း ရဲမှူးချုပ်ဝင်းနိုင်ထွန်းက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်က ဒီတာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် ဝင်းမြင့်ကတော့ တာဝန်လွှဲကာနီး မတ်လပိုင်းကပဲ ကားမှောက်လို့ သေဆုံးခဲ့ပါတယ်။

နိုင်ငံတော် သမ္မတလို အရေးကြီး ပုဂ္ဂိုလ်ရဲ့ လုံခြုံရေးဟာ သာမန် လုံခြုံရေးမျိုး မဟုတ်ဘဲ အထူး အဖွဲ့အနေနဲ့ တာဝန်ယူရတာ ဖြစ်ပြီး လုံခြုံရေးအရာရှိချုပ် တာဝန်ယူတဲ့သူဟာ လိုအပ်ရင် တာဝန်ကို အသက်ပေး ထမ်းဆောင်ရ သူမျိုးဖြစ်တယ်လို့ တပ်မတော် ထောက်လှမ်းရေး အရာရှိဟောင်း တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

လုံခြုံရေး အရာရှိဟာ သမ္မတ သွားမယ့် လမ်းကြောင်း၊ တက်မယ့် အခမ်းအနားတွေ အားလုံးအတွက် ကြိုတင် အစီအစဉ် ဆွဲရပြီး လုံခြုံရေးအရ အသေအချာ ဆောင်ရွက် ပေးရတယ်လို့လည်း သူက ပြောပါတယ်။

ရဲမှူးချုပ် ဝင်းနိုင်ထွန်းဟာ တပ်မတော်မှာရော ရဲတပ်ဖွဲ့မှာပါ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်တဲ့အတွက် ဒီတာဝန်ပေးတာ သင့်တော်တယ်လို့လည်း အဲဒီ တပ်မတော် ထောက်လှမ်းရေး အရာရှိဟောင်းကဆိုပါတယ်။

ဦးဝင်းနိုင်ထွန်းဟာ ဗိုလ်သင်တန်း အပတ်စဉ် OTS ( ၆၆ ) သင်တန်းဆင်း ဖြစ်ပြီး စစ်ထောက်လှမ်းရေးမှာ တပ်စွယ်မှူး တာဝန် ယူခဲ့သူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ်ခံခဲ့ရတဲ့ အချိန်ကနေ လွတ်မြောက်လာချိန် အထိ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်း စုကြည်ကြား ဆက်သွယ် ဆောင်ရွက်ပေးရသူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ