ဘုရင်မကြီး သက်တော် ၉၀ ပြည့်မွေးနေ့ကျင်းပ

  • 21 ဧပြီ 2016
Queen Elizabeth birthday ဓာတ်ပုံ မူပိုင် AFP
Image caption ဘုရင်မကြီးက သူ့မွေးနေ့ဆင်နွှဲသူတွေကို ကျေးဇူးတင်ကြောင်းပြော

ဧပြီလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ဒုတိယ မြောက်အဲလစ်ဇဘက် ဘုရင်မကြီး ရဲ့ သက်တော် ၉၀ ပြည့် မွေးနေ့ပွဲ အထိမ်းအမှတ် အခမ်းအနားတွေကို ဗြိတိန်နိုင်ငံတဝန်း ကျင်းပနေကြ ပါတယ်။

ယူကေ နိုင်ငံရဲ့ နန်းသက် အရှည်ဆုံး ဘုရင်ဖြစ်လာတဲ့ ဘုရင်မကြီးရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် လန်ဒန် မြို့လယ်က ဟိုက်ပတ် ပန်းခြံကြီးကနေ ဂုဏ်ပြု အမြောက်တွေ ပစ်ခတ်ခဲ့ကြပါတယ်။

ဝင်ဆာမြို့က ရဲတိုက်ကြီး ရှေ့မှာလည်း ဘုရင်မကြီးကို ချစ်ခင် လေးစားကြသူတွေနဲ့ ဗြိတိန်က နိုင်ငံရေးသမားတွေက မိသားစု၊ မိတ်ဆွေတွေနဲ့ အတူ မွေးနေ့ပွဲကို ဆင်နွှဲ ခဲ့ကြပါတယ်။

ဘုရင်မကြီးက သူ့မွေးနေ့မှာ လာပြီး ဆင်နွှဲကြသူ အားလုံးကို ကျေးဇူးတင်ကြောင်း တွစ်တာကနေ စကားပါးခဲ့ပါတယ်။

မွေးနေ့ အမှတ်တရ အဖြစ် ၆ ကီလိုမီတာ ကျော် ရှည်လျားတဲ့ ဘုရင်မ လျှောက်လမ်းကို ဝင်ဆာ ရဲတိုက်နားမှာ ဖွင့်လှစ် ပေးမှာပါ။

ညနေခင်းမှာတော့ ဘုရင်မနဲ့ ကြင်ယာတော်၊ သားတော် အိမ်ရှေ့မင်းသား ချားလ်စ် တို့က သူ့မွေးနေ့ အထိမ်းအမှတ် မီးတိုင် ၉ဝဝ ကျော် ထဲက ပထမဆုံး မီးတိုင်ကို ထွန်းညှိပေးမှာဖြစ်ပါတယ်။

သောကြာ နေ့မှာတော့ အမေရိကန် သမ္မတ အိုဘားမားတို့ ဇနီးမောင်နှံက ဘုရင်မကြီးကို လာတွေ့ကြမှာပါ။

ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းက ဘုရင်မကြီးဟာ ဗြိတိန်အတွက်သာမက ကမ္ဘာအတွက်ပါ ခိုင်မာတဲ့ ခွန်အားတစ်ရပ်ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဘုရင်မကြီးရဲ့ မွေးနေ့ အတွက် သမ္မတ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ကလည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

ဘုရင်မကြီးရဲ့ တရားဝင် မွေးနေ့ အထိမ်းအမှတ်ပွဲ တွေကိုတော့ လာမယ့် ဇွန်လ ထဲကျမှ လန်ဒန်မှာ ခမ်းခမ်းနားနား ကျင်းပသွားဖို့ ရှိပါတယ်။

ဘုရင်မကြီးရဲ့ ဘဝ နောက်ကြောင်း
ဓာတ်ပုံ မူပိုင် PA
Image caption အဲလစ်ဇဘက် ဘုရင်မကြီးငယ်စဉ်က မိသားစုနဲ့ အတူ

ဘုရင်မကြီးရဲ့ ဘကြီးတော် အက်ဒွပ်ဘုရင်က သူ့အချစ်ရေးကြောင့် မထင်မှတ်ဘဲ နန်းစွန့်သွားခဲ့ပြီးနောက် ခမည်းတော် ဂျော့ ဗြိတိန် ထီးနန်းကို အုပ်ချုပ်ခဲ့ရတဲ့ အချိန်က စပြီး ဘုရင်မလောင်း အဲလစ်ဇဘက်ရဲ့ မိသားစုဘဝ ပြောင်းလဲ လာခဲ့ပါတယ်။

စစ်အတွင်းမှာ ဘုရင့်မိသားစု ကနေဒါကို စစ်ရှောင်နေဖို့ တိုက်တွန်းမှုတွေကြားက လန်ဒန်မှာ ကြံ့ကြံ့ခံပြီး ပြည်သူတွေနဲ့ အတူ ဖြတ်သန်းခဲ့တာက သူတို့ မိသားစု ပုံရိပ်ကို ပိုပြီး ထင်ရှား လာစေခဲ့ပါတယ်။

စစ်တွင်းမှာပဲ အိမ်ရှေ့စံ မင်းသမီး အဲလစ်ဇဘက်က တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့သလို စစ်ပြီးနောက် ရေတပ်ဗိုလ် မင်းသား ဖိလစ်နဲ့ လက်ထပ်ပြီး သားတော် သမီးတော် ၄ ပါး ဖွားမြင် ခဲ့ပါတယ်။

သူ့ရဲ့ နန်းစံသက်အတွင်း စစ်အေးခေတ်ကြီး ပြီးဆုံးသွားတာကို ကြုံခဲ့ရသလိုပဲ ဗြိတိသျှ အင်ပါယာကြီး ပြိုကွဲပြီး ဓနသဟာယ နိုင်ငံတွေ ပေါ်ထွက်လာတာကိုလည်း မြင်တွေ့ ခဲ့ရပါတယ်။

ဘီးတဲလ်စ် တေးဂီတ၊ ဂျိမ်းစ်ဘွန်း ရုပ်ရှင် ဇာတ်ကား ခေတ်ကနေ ဟယ်ရီပေါ်တာ ဝတ္ထု ဇာတ်လမ်းထိ ကမ္ဘာမှာ ထင်ရှားတဲ့ ဗြိတိန်ရဲ့ ယဉ်ကျေးမှု အထွေထွေဟာ သူ့လက်ထက်မှာ ထွန်းကား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ