မိုးသီးကြွေလို့ လူသေဆုံးမှုရှိခဲ့

  • 23 ဧပြီ 2016
Image caption လူ ၆ယောက်သေပြီး အိမ်မွေး တိရိစ္ဆာန် ၁၀၀ လောက် သေဆုံး

ဧပြီလ၂၂ ရက် မနေ့က မိုးသက်လေပြင်းကျလို့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမှာ အနည်းဆုံး လူ၁၀ ဦး ခန့် သေဆုံးပြီး ၂ယောက် ပျောက်ဆုံးနေပါတယ်။

ရှမ်းပြည်နယ်က တန်ခိုးကြီးဘုရားဖြစ်တဲ့ မွေတော်ကက္ကူ ပရိဝုဏ်အတွင်း စေတီတွေထဲက ၃ပုံ ၂ပုံလောက် ပျက်စီးသွားပါတယ်။

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်ထဲမှာ ၂၂ ရက်နေ့ ညနေပိုင်းက ထန်းသီးလုံး ပမာဏလောက်ရှိတဲ့ မိုးသီးတွေနဲ့ လေပြင်းတိုက်ခိုက်လို့ ကျောက်ဆည် အရှေ့ ဘက် ၁၀ မိုင်ကျော် လောက်ဝေးတဲ့ ရေတံလျှောက်ရွာမှာ တရွာလုံးနီးပါးပျက်စီးသွားပြီး လူ ၆ယောက်သေပြီး အိမ်မွေး တိရိစ္ဆာန် ၁၀၀ လောက် သေဆုံးသွားတယ်လို့သိရပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေသွားဖို့အတွက် ကိုယ်တိုင်ကွင်းဆင်းကြည့်ခဲ့တဲ့ ကျောက်ဆည်ဒေသခံ ၈၈ငြိမ်းပွင့်အဖွဲ့ဝင် ဦးကိုကိုလွင်က တိရစ္ဆာန်တွေ အများအပြား နဲ့ အိမ်ခြေ အတော်များများ ပျက်စီးခဲ့ကြောင်း ပြောပါတယ်။

ကျောက်ဆည်နဲ့ စဉ့်ကိုင်ဘက် ပျက်စီးသလိုဘဲ အမရပူရ မြင်းခြံ ပြင်ဦးလွင်စတဲ့ မြို့နယ်တွေမှာလည်း နေအိမ်ခေါင်မိုးတွေ မိုးသီးမှန်ပေါက်ပြဲကုန်တာတွေ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူပဲ စစ်ကိုင်းတိုင်းမှာ လူ ၄ယောက်ထက် မနည်းသေဆုံးပြီး ပျက်စီး မှု အနေအထားကို ဧပြီလ ၂၃ ရက်နေ့မှာ လိုက်လံကြည့်နေတဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် က ပြောပါတယ်။

စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ မှတ်တမ်းအရ ကနီမြို့နယ် ရေစို ရွာမှာ ၂ယောက်၊ မုံရွာ့မြို့မှာ ၂ယောက် နဲ့ စစ်ကိုင်းမြို့နယ် ၂ယောက် သေဆုံးခဲ့ပြီး၊ ခင်ဦးမြို့နယ်မှာ မိုးသီး ထိမှန်လို့ ကလေးငယ် ၂၀လောက် ဒဏ်ရာရခဲ့ ကြောင်း သိရပါတယ်။

ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်း မှာလည်း စစ်ကိုင်းတိုင်း နဲ့ အိန္ဒိယနယ်စပ် တမူးမြို့မှာ ကြက်ဥအရွယ်အစားလောက်ရှိတဲ့ မိုးသီးတွေကျလို့ ပျက်စီးခဲ့ တဲ့အကြောင်း တမူး လူငယ်ကွန်ယက်အဖွဲ့တာဝန်ခံ ကိုယဉ်ကိုဦး က ပြောပါတယ်။

စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းမှာ ပျက်စီးတဲ့ စာရင်းအတိအကျကိုတော့ သက်ဆိုင်ရာက စစ်တမ်း ကောက်ယူမှုတွေ ပြုလုပ် နေပါတယ်။

ရှမ်းပြည်နယ် တောင်ကြီး ခရိုင်နဲ့ ပင်းတယဘက်တွေမှာလည်း အပျက်အစီး တွေများခဲ့ပြီး၊ မွေတော်ကက္ကူဘုရား တည်ရှိရာ ရှမ်းပြည်နယ် ကျောက်တစ်လုံးကြီး မြို့နယ်မှာဆိုလျှင် စေတီ ၂၅၀၀ နီးပါရှိတဲ့အနက် ၁၇၀၀ ကျော် ပြိုကျ ပျက်စီးခဲ့ပါတယ်။

ဧပြီလ ၂၂ရက် ညနေက လေပြင်းနဲ့ မိုးသီးကြွေပြီး မိုးသည်းထန်စွာရွာတဲ့ ဖြစ်စဉ်ကြောင့် စစ်ကိုင်း၊ မန္တလေးတိုင်းနဲ့ ချင်းပြည်နယ် ရှမ်းပြည်နယ်တွေဟာ အများဆုံး ဒဏ်ခံခဲ့ရပါတယ်။

သေဆုံးပျက်စီး စာရင်းအတိအကျထုတ်ပြန်နိုင်ဖို့ သက်ဆိုင်ရာ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက် နေကြောင်း ပြောပါတယ်။

အခုကျတဲ့ မိုးသီး အရွယ်အစား နဲ့ ပမာဏမျိုး ဟာ အသက် ၆၀ ဝန်းကျင်လူကြီးတွေက သူတို့တသက် မှာ ပထမဆုံး မြင်ဘူး တာ ဖြစ်ကြောင်း ပြောနေကြပါတယ်။