ကြံ့ခိုင်ရေးပါတီက ထုတ်ပယ်ခံရမှု တရားမျှတမှု မရှိ

  • 24 ဧပြီ 2016
ဓာတ်ပုံ မူပိုင် burmese
Image caption တရားနည်းလမ်းနဲ့ ဆုံးဖြတ် ခဲ့တာ မဟုတ်ဘူးလို့ ကြံ့ခိုင်ရေး အသင်း ပါတီ ဗဟို အလုပ် အမှုဆောင် ဟောင်း ဦးဇော်မြင့်ဖေ က ပြော

သမ္မတဟောင်း ဦးသိန်းစိန် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ တာဝန် ပြန်ယူပြီးနောက် ဧပြီလ ၂၃ ရက်နေ့က အဆင့်မြင့် အရာရှိ ၁၇ ယောက်ကို ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။

သူရဦးရွှေမန်း အပါအဝင် ကြံ့ခိုင်ရေးပါတီ လူကြီး အချို့ကို ပါတီဝင် အဖြစ်က ထုတ်ပယ် လိုက်တဲ့စာကို သက်ဆိုင်ရာ ပါတီဝင်အချို့ လက်ခံ ရရှိခဲ့ပါပြီ။

အထုတ်ပယ်ခံရသူ အများစုဟာ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ ကော်မရှင် အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

အခုလို ထုတ်ပယ်ခံရတာနဲ့ ပတ်သက်လို့ တရားနည်းလမ်းနဲ့ ဆုံးဖြတ် ခဲ့တာ မဟုတ်ဘူးလို့ ကြံ့ခိုင်ရေး အသင်း ပါတီ ဗဟို အလုပ် အမှုဆောင် ဟောင်း ဦးဇော်မြင့်ဖေ က ပြောပါတယ်။

ပါတီဖွဲ့စည်းပုံနဲ့အညီ ဆောင်ရွက်ခဲ့တာ မဟုတ်ဘဲ ထိပ်ပိုင်း ခေါင်းဆောင် အချို့က ဆုံးဖြတ်ပြီး အနားပေးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

တရားမဝင် လုပ်ဆောင် ခဲ့တဲ့ အတွက် လက်ရှိ ကြံ့ခိုင်ရေး ပါတီဟာ ခေျာက်ထဲကို ကျနေပြီ ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

ပြည်သူ လက်မခံတဲ့ အတွက် ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့် ခဲ့ပြီး ပြည်သူကို အလုပ်အကျွေး ပြုဖို့ မစဉ်းစားပဲ ပါတီတွင်း အာဏာလုပွဲကို ဆင်နွှဲနေကြပြီး အတ္တကြီးသူတွေလွှမ်းမိုးလို့ ဖြစ်တာလို့ ဆိုပါတယ်။

ပါတီဝင်အားလုံးက အခု ကိစ္စကို အလေးအနက်ထား စဉ်းစားပြီး ဝိုင်းဝန်း စောင့်ရှောက်ကြဖို့ကိုလည်း သူက တိုက်တွန်း ခဲ့ပါတယ်။

ဉီးဇော်ဖေမြင့်က သူ့ကိုယ် အကြောင်းကြားလာတဲ့ စာထဲမှာ ဘာကြောင့် အနားပေးခဲ့တယ် ဆိုတာကို ဖော်ပြထားခြင်း မရှိဘူးလို့ ပြောပါတယ်။

ကြံ့ခိုင်ရေး ပါတီဟာ လူတစ်ဉီး တစ်ယောက်ရဲ့ ပါတီ မဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ပြည်သူ က ပိုင်တဲ့ ပါတီ ဖြစ်ပြီး ထိပ်ပိုင်းခေါင်းဆောင် အချို့က လုပ်ချင်တိုင်း လုပ်နေတာ ဖြစ်ကြောင်း ပါတီတွင်း ကိစ္စထက် ကျော်လွန်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ