ဦးရွှေမန်းစာကို တပ်မတော် ကန့်ကွက်

  • 26 ဧပြီ 2016
Lt General Khin Zaw Oo
Image caption ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြီးခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တပ်ဖက်က ကိုယ်စားပြု ဆွေးနွေးခဲ့

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဆင်းပွဲအတွက် သူရဦးရွှေမန်း ပေးပို့တဲ့ ဆုတောင်း သတင်းစကားနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က ပြင်းပြင်း ထန်ထန် ကန့်ကွက် လိုက်ပါတယ်။

အဲဒီ စာပါ စာသားတွေ ဟာ တပ်မတော်ပြိုကွဲရေးကို ဦးတည် တဲ့သဘောရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန် ကြေညာထား ပါတယ်။

ဦးရွှေမန်းရဲ့ စာထဲမှာ ညီနောင်များ (အမေ့သား) ဆိုတာ ဟာ စစ်တက္ကသိုလ် ကျောင်းဆင်းတွေ ကို ရည်ရွယ်ပြောတာ ဖြစ်တဲ့ အတွက် လက်ရှိ တပ်မတော်အရာရှိတွေ၊ အငြိမ်းစား တပ်မတော်အရာရှိတွေနဲ့ တပ်မတော်သား အားလုံး အတွက် သွေးကွဲစရာ ဖြစ်တယ်လို့ စစ်တပ်ရဲ့တုံ့ပြန်ချက်မှာ ရေးထား ပါတယ်။

တပ်မတော်သားတိုင်းဟာ နိုင်ငံတော်နှင့်နိုင်ငံသားများရဲ့ သစ္စာကို စောင့်သိရိုသေပါမယ်လို့ အဓိဌာန်ပြုထား သူတွေ ဖြစ်တဲ့ အတွက် ဦးရွှေမန်း အနေနဲ့ ထပ်မံ သတိပေးစရာ အကြောင်းဘာမှ မရှိဘူးလို့ ယူဆကြောင်း အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိအစိုးရက နိုင်ငံနဲ့ ပြည်သူ့ အကျိုးအတွက် ဆောင်ရွက်မယ့်အစိုးရ ဖြစ်လို့ ဆိုပြီး ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းတာဟာလည်း အရင် အစိုးရ အဆက်ဆက်က နိုင်ငံနဲ့ ပြည်သူ့ အကျိုး လုပ်ဆောင်ခဲ့တာတွေကို ဥပက္ခာ ပြုရာ ရောက်တဲ့ အတွက် တပ်မတော်ဖက်က ကန့်ကွက်ကြောင်း ထုတ်ပြန်တာ ဖြစ်နိုင်တယ်လို့ သူက ထောက်ပြပါတယ်။

အစိုးရ တစ်ရပ် ဆိုတာ ရွေးကောက်ပွဲ အရ ပေါ်ပေါက်လာတာ ဖြစ်ပြီး ထာဝရ ရှိနေမယ့် တပ်မတော် ကို လူတွေ အထင်အမြင်မှားသွားစေနိုင်တဲ့ အတွက် တပ်ဖက်က ကန့်ကွက်တာဖြစ်တယ်လို့လည်း အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ