ပါတီကထုတ်ပယ်တာ ဥပဒေနဲ့ညီဖို့လိုကြောင်း သူရဉီးရွှေမန်းပြော

  • 27 ဧပြီ 2016
သူရဉီးရွှေမန်း
Image caption သူရဉီးရွှေမန်း

ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ ပါတီဝင်အဖြစ်က ရပ်စဲခဲ့တဲ့ လက်ရှိ လွှတ်တော် ဥပဒေရေးရာ အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဌ သူရဉီးရွှေမန်းအပါအဝင် ၁၇ယောက်တို့က နေပြည်တော်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဥပဒေအထက်တွင်ဘယ်သူမှမရှိရေး တရားဥပဒေ စိုးမိုးရေးနဲ့ဒီမိုကရေစနစ် ဖြစ်ပေါ်ရေးမှာအားလုံး ပူးပေါင်းပါဝင်ကြဖို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သူနဲ့အပေါင်းအပါတွေကို ပါတီက ထုတ်ပယ်လိုက်တာ ဥပေဒေနဲ့ညီညွတ်ဖို့လိုပြီး အရေးပေါ်ပါတီညီလာခံရဲ့ ဆုံးဖြတ်ချက်ကို လက်ခံသွားမယ်လို့သူရ ဉီးရွှေမန်းကပြောပါတယ်။

အရေးပေါ်ပါတီညီလာခံ ကျင်းပပေးဖို့ ပထမအကြိမ် ညီလာခံကတင်မြှောက်ထားတဲ့ ဗဟိုကော်မတီဝင် ထက်ဝက်ကျော်က လက်မှတ်ရေးထိုးတောင်းဆိုထားပါတယ်။

ကြံ့ခိုင်ရေး ပါတီခေါင်းဆောင်ပိုင်းတွေမှာ အားပြိုင်မှုတွေရှိပေမယ့် ဘာကြောင့် သူ့ကိုပါတီက ထုတ်တယ်ဆိုတာ သူမသိဘူးလို့ဉီးရွှေမန်းကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ကြံ့ခိုင်ရေးပါတီရုံးချုပ်ကို အင်အားသုံးပြီး သူနဲ့အပေါင်းအပါတွေကို ရာထူးကဖယ်ရှားခဲ့စဉ် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနဲ့ နိုင်ငံတော်နဲ့နိုင်ငံသားများ အကျိုးစီးပွား ထိခိုက်နစ်နာမှာ စိုးတဲ့အတွက် သည်းခံခဲ့တာလို့ဆိုပါတယ်။ အခုအခါ သူ့အနေနဲ့ လွှတ်တော် ကော်မရှင်တခုရဲ့ဥက္ကဌ တာဝန်ယူ ထားတဲ့အတွက် ပါတီတခု သီးခြားထောင်ဖို့ စဉ်းစားထားတာ မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ