ရခိုင် လွတ်မြောက်ရေးပါတီ သတိပေးခံရ

  • 28 ဧပြီ 2016
Image caption ရခိုင်စစ်ရျောင် ဒုက္ခသသည်တွေ

ရခိုင်ပြည်နယ်တွင်း အစိုးရစစ်တပ်နဲ့ အေအေ ရခိုင်တပ်မတော်ကြားဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်ခံစားနေရတာတွေနဲ့ပတ်သက်လို့ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)ရဲ့ ဧပြီလ ၂၄ ရက် ထုတ်ပြန်ချက်ဟာ မှန်ကန်မှုမရှိရင် အရေးယူမယ်လို့ (ALP)ကတာဝန်ရှိသူတွေကို ရခိုင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးက မနေ့က ခေါ်ယူသတိပေးခဲ့ပါတယ်။

ရခိုင်လွတ်မြောက်ရေးပါတီ(ALP)ရဲ့ ထုတ်ပြန်ချက်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ရှောင်ဒုက္ခသည်တွေဖြစ်နေကြပြီး၊ ပေါ်တာဆွဲခံ ရတာ၊ နေအိမ် တွေအဓမ္မပြောင်းရွေ့ခံရတာ၊ စစ်သုံ့ပန်းတွေကို ရိုင်းရိုင်းစိုင်းစိုင်း သတ်ဖြတ်၊ ဓားစာခံအဖြစ်စစ်မြေမှာ အသုံးချခံရတာတွေကို တွေ့မြင်နေရတယ်လို့ ဖေါ်ပြထားပါတယ်။

နောက်ပြီး ဒီလိုလုပ်ရပ်တွေဟာ ဂျနီဗာသဘောတူညီချက်တွေ အပါအဝင် နိုင်ငံတကာပစ်မှုဆိုင်ရာဥပဒေတွေ၊ လူ့အခွင့်အရေးဆိုင်ရာဥပဒေတွေနဲ့ စစ်ရာဇဝတ်မှုတွေကို အတိအလင်း ချိုးဖောက်လိုက်တယ်လို့လည်း ဖော်ပြထားပြီး စစ်တပ်ကို ဒီလို လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့ တောင်းဆိုထားတာပါတယ်။

ဒီသဘောထားထုတ်ပြန်ချက်ပါ စစ်တပ်အပေါ် စွပ်စွဲချက်တွေဟာ အထောက်အထားခိုင်ခိုင်လုံလုံ မရှိရင် အရေးယူမယ်ဆိုပြီး ခေါ်ယူတွေ့ဆုံခဲ့တဲ့ ရခိုင်ပြည်နယ် နယ်စပ်ရေးရာလုံခြုံရေး၀န်ကြီး ဦးထိန်လင်းက ပြောခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ALP ဗဟိုကော်မီတီဝင်၊စည်းရုံးရေးနဲ့ ပြန်ကြားရေး ဒု ဥက္ကဋ္ဌ ခိုင်မျိုးထွန်းက ပြောပါတယ်။

အထောက်အထားခိုင်လုံရင် စစ်တပ်ဘက်က ကျူးလွန်သူတွေကို အရေးယူမှာလားလို့ ALP ဘက်ပြန်မေးရာမှာ နယ်စပ်ရေးရာဝန်ကြီးက အရေးယူမယ်လို့ ပြန်ဖြေခဲ့ကြောင်း ဦးခိုင်မျိုးထွန်းက ပြောပါတယ်။

အထောက်အထားတွေအရ စစ်ပွဲတွေ အတွင်း ဒေသခံတွေကို ပေါ်တာဆွဲတာ စစ်သုံပန်းတွေအဖြစ် ခေါ်တာမျိုးတွေကို အစိုးရစစ်တပ်ဘက်က အများဆုံး ကျူးလွန်တာတွေ့ရပြီး အေအေဘက်က ကျူးလွန်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရဘူးလို့ သူက ပြောပါတယ်။

မနေ့က ရခိုင်လွတ်မြောက်ရေးပါတီ (ALP)နဲ့ တွေ့ဆုံရာမှာ နယ်လုံဝန်ကြီး ဦးထိန်လင်း၊ ရဲမှူးကြီးစိန်လွင်နဲ့ စစ်တပ်က အရာရှိတချို့လည်းပါဝင်တယ်လို့ သိရပါတယ်။ ရခိုင်လွတ်မြောက်ရေးပါတီဟာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ ၈ ဖွဲ့ထဲမှာ ပါ၀င်ပါတယ်။