နိုင်ငံရေးသမားတွေကိုအရေးယူရာမှာသုံးတဲ့ဥပဒေကိုဖျက်သိမ်းတော့မယ်

  • 28 ဧပြီ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ပုဒ်မ ၁၀ နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူ အများအပြား ရှိခဲ့

နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီး လိုသူများ ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်း တဲ့ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီမှာ ဆွေးနွေးခဲ့ ကြ ပါတယ်။ ဒီဥပဒေကို ဖျက်သိမ်းဖို့ သူရဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေ ရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်က အကြံပြု ခဲ့တာပါ။

အာဏာပိုင် တွေက လူတစ်ဦး တစ်ယောက်ကို အကြောင်း ပြချက် မရှိပဲ ထောင်ထဲမှာ နှစ်ရှည် ချုပ်နှောင် ထားနိုင်တဲ့ ဥပဒေဖြစ်ပြီး ခေတ် စံနစ်နဲ့ မညီ တော့တဲ့ အတွက် ရုပ်သိမ်းဖို့ အကြံ ပြု ရတာ ဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးစောလှထွန်း က ပြောပါတယ်။

အဲဒီ ဥပဒေမှာ ပါတဲ့ ပုဒ်မ ၁၀ ( က ) အရ ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တွေကို ဖမ်းဆီးပြီး ထောင်ထဲမှာ နှစ်ရှည် ချုပ်နှောင် ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဒီဥပဒေမှာပါတဲ့ပုဒ်မ ၁၀ ( ခ ) အရ နှစ်ရှည် နေအိမ် အကျယ်ချုပ် ချခဲ့ တာပါ။

ဒီဥပဒေ ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲ ကို ပြည်ထဲရေး ဝန်ကြီးဌါန၊ ရှေ့နေချုပ်ရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး အများစုကရုတ်သိမ်းဖို့ အကြံပြုခဲ့ ပါတယ်။

အဲဒီလို ရုပ်သိမ်းမယ့် ဥပဒေကြမ်းကိုတော့ မေလ ၂ ရက်နေ့ လွှတ်တော်တွေ ပြန်လည်စတင်တဲ့အခါ ဆွေးနွေး ဖို့ ရှိနေပါတယ်။