အထက်မြန်မာပြည်မှာ ရာသီဥတု ဆိုးလို့ တစ်နိုင်ငံလုံး မီးပျက် ခဲ့

  • 29 ဧပြီ 2016
ဓာတ်ပုံ မူပိုင် .
Image caption မြန်မာပြည် မြောက်ပိုင်း ကနေ တောင်ပိုင်း ကို လာတဲ့ ဓါတ်အားလိုင်းက တစ်နေရာမှာ အမှားအယွင်း ရှိ ခဲ့မယ်ဆို ရင် တစ်နိုင်ငံလုံးမှာ မီးပျက်သွားတာ မျိုး ဖြစ်

ပြီးခဲ့တဲ့ ရက်ပိုင်းတွေ မှာ ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံ နေရာ အတော်များများမှာ လျှပ်စစ်မီးပြတ်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ပါတယ်။

ဧပြီလ ၂၂ ရက်နေ့ နဲ့ ၂၃ ရက်နေ့တွေတုန်းက မြန်မာပြည် အထက်ပိုင်း မှာ ရာသီဥတု ဆိုးဝါး ခဲ့တာကြောင့် ၂၃၀ ကီလိုဝပ် ရှိတဲ့ မဟာ ဓါတ်အားလိုင်းမှာ ချို့ယွင်းမှု တွေ ဖြစ်ပေါ် ခဲ့တာကြောင့် တစ်နိုင်ငံလုံး မီးပျက် ခဲ့တာဖြစ်ကြောင်း ရန်ကုန် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အထွေထွ မန်နေဂျာ အင်ဂျင်နီယာ ဉီးသန့်စင် က ပြောပါတယ်။

မြန်မာပြည် မြောက်ပိုင်း ကနေ တောင်ပိုင်း ကို လာတဲ့ ဓါတ်အားလိုင်းက တစ်နေရာမှာ အမှားအယွင်း ရှိ ခဲ့မယ်ဆို ရင် တစ်နိုင်ငံလုံးမှာ မီးပျက်သွားတာ မျိုး ဖြစ်တယ်လို့ ပြောပါတယ်။

ဓါတ်အားပေး စနစ် ချို့ယွင်းမှု ဖြစ်တဲ့ အခါ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ မီးမပျက် ရအောင် အကောင်းဆုံး လုပ်နိုင်မယ့် ပုံစံ က ရန်ကုန်မှာ ဓါတ်အား ဖြန့်ဖြူး တဲ့ စက်ရုံ ၄ ရုံ အပြင် ရန်ကုန်မြို့ ပတ်ဝန်းကျင်မှာ နောက်ထပ် ဓါတ်အားထုတ်လုပ်တဲ့ စက်ရုံ တည်ဆောက် နိုင်မယ် ဆိုရင် ပြဿနာ တွေ ပြေလည်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မြန်မာပြည် အထက်ပိုင်းမှာ ရာသီဥတု ဆိုးရွားလို့ ဓါတ်အားလိုင်းမှာ ပြဿနာ တစ်စုံ တစ်ရာ ပေါ်ခဲ့လျှင်လည်း ရန်ကုန်မှာ သီးသန့် ဓါတ်အားပေး စက်ရုံ ရှိတဲ့ အတွက် မြို့ကို အခြေအနေ မပျက် ဓါတ်အားပေး နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန် မြို့ဝန်းကျင်မှာ လျှပ်စစ် ဓါတ်အားထုတ် စက်တွေ ပိုမို တည်ဆောက် မယ်ဆိုလျှင် လည်း ဓါတ်အားပေး စနစ်ဟာ ပိုမို တည်ငြိမ်လာမယ်လို့ ပြောပါတယ်။

ရန်ကုန် မြို့မှာ ဓါတ်အား အသုံးပြုမှု လိုအပ်ချက်ဟာ အမြဲ တိုးမြှင့်လျှက် ရှိနေပြီး ရန်ကုန်ဝန်းကျင်မှာ သဘာဝ ဓါတ်ငွေ့သုံး လျှပ်စစ်အား ထုတ်လုပ်တဲ့ စက်ရုံတွေ တည်ဆောက်နိုင်တာ အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့က တစ်နိုင်ငံလုံး ဓါတ်အားပေးမှု ရဲ့ ၅၀ ရာခိုင်နှုန်း ကို အသုံးပြုလျှက် ရှိပြီး လက်ရှိ ရန်ကုန်မှာ လျှပ်စစ် ဓါတ်အား ထုတ် နိုင်တာက ၅၀၀ မီဂါဝပ် ရှိပါတယ်။

နောက်ထပ် လျှပ်စစ် ဓါတ်အား ၅၀၀ မီဂါဝပ် ထုတ် နိုင်တဲ့ စက်ရုံ တစ်ခု ရန်ကုန် ဝန်းကျင်မှာ တည်ဆောက် နိုင်မယ်ဆိုလျှင် လျှပ်စစ်ဓါတ်အားပေးမှု ကို တည်ငြိမ်အောင် လုပ် နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဓါတ်အားလိုင်း ပြတ်တောက်မှုတွေကို ပြန်လည် ပြင်ဆင် ခဲ့ပြီ ဖြစ်ပြီးတော့ ရာသီဥတု ဒဏ်ခံခဲ့ရတဲ့ အချို့နေရာတွေ ပြင်ဆင်ဖို့ ကျန်နေသေးတယ်လို့ ပြောပါတယ်။

မဟာဓါတ်အားလိုင်း ကိုတော့ ချက်ချင်း ပြန်လည် ပြင်ဆင်မှု ပြုလုပ် ခဲ့ပြီး ပုံမှန် အတိုင်း ဓါတ်အား ပြန်လည် ပေး နေပြီ ဖြစ်ကြောင်း ရန်ကုန် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အထွေထွမန်နေဂျာ ဉီးသန့်စင် က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ