မြန်မာတွေ အေးဂျင့်ခ မကုန်ဘဲ ထိုင်းမှာ အလုပ်လုပ်နိုင်မယ်

  • 29 ဧပြီ 2016
Myanmar Workers in Thailand ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား သန်းနဲ့ချီရှိနေ

ထိုင်းနိုင်ငံရဲ့ ရေထွက်ပစ္စည်းလုပ်ငန်းဆိုင်ရာ အကြီးဆုံး စက်ရုံကြီး တစ်ရုံ ဖြစ်တဲ့ ယူနီယံစက်ရုံက မြန်မာနိုင်ငံက အလုပ်သမားတွေကို ကုန်ကျစရိတ် သက်သက် သာသာနဲ့ ခေါ်ယူနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ ပါတယ်။

စမွတ်စာခေါန်းခရိုင် မဟာချိုင်း အခြေစိုက် ထိုင်းယူနီယံ ငါးပုဇွန်လုပ်ငန်း စက်ရုံမှာ အလုပ်လုပ်ခွင့်ဗီဇာ သက်တမ်းကုန်တော့မယ့် အလုပ်သမားတွေကို မြန်မာနိုင်ငံကို ပြန်ပို့ပြီးတော့ MOU နှစ်နိုင်ငံ အစိုးရ နားလည်မှုဆိုင်ရာ သဘောတူညီချက်နဲ့ အလုပ်သမားတွေကို ပြန်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် ထိုင်းမှာ ဘတ်ငွေ တစ်သောင်းထက် မကျော်တဲ့ငွေ၊ မြန်မာနိုင်ငံ ဖက်ခြမ်းမှာ ကျပ်ငွေ တစ်သိန်းခွဲထက် မကျော်တဲ့ငွေကို ကောက်ခံနိုင်တယ်လို့ နှစ်ဖက်အစိုးရက အေဂျင်စီ တွေကို ခွင့်ပြုထား ပါတယ်။

အခုလို ထိုင်းယူနီယံ စက်ရုံက ခေါ်ယူတဲ့အတွက် ကုန်ကျစရိတ် တဝက်ကျော် သက်သာသွားတယ်လို့ ရွေ့ပြောင်းအလုပ်သမား အခွင့် အရေးကွန်ရက် MWN အဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်ကျော်က ပြောပါတယ်။

ဗီဇာ ကုန်ကာနီး မြန်မာ အလုပ်သမားတွေကို မြန်မာ နိုင်ငံကို ပြန်ပို့ပေးပြီး ဝန်ဆောင်ခနဲ့ ကုန်ကျ စရိတ်ကို ယူနီယံ စက်ရုံက ပေးတယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

ထိုင်းယူနီယံ စက်ရုံမှာ စက်ရုံခွဲတွေ အများကြီးရှိပြီး အလုပ်သမား နှစ်သောင်းလောက်ရှိတဲ့အတွက် တခြားစက်ရုံတွေလည်း နမူနာယူ လုပ်နိုင်ဖို့ လမ်းစရပြီ လို့လည်း ဦးအောင်ကျော်က ပြောပါတယ်။

တဖက်မှာတော့ အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် ဗီဇာ သက်တမ်း မကုန်ခင်မှာ မြန်မာနိုင်ငံကို အချိန်မီ မပြန်နိုင်တဲ့သူတွေက နိုင်ငံကူးလက်မှတ်ကို စွန့်လွှတ်လိုက်ပြီး ထိုင်းအစိုးရက ထုတ်ပေးတဲ့ နှစ် နှစ်သက်တမ်းရှိ ပန်းရောင် အလုပ်လုပ်ခွင့် လက်မှတ်ကိုပဲ ကိုင်ဆောင်ရတော့မှာ ဖြစ်ပါတယ်။

အဲဒီ လက်မှတ်ကိုင်ဆောင်သူ တွေဟာ သူတို့ နေထိုင်ရာ ပြည်နယ်တွေက လွဲပြီး ခရီးသွားလာခွင့်မရနိုင်သလို မြန်မာနိုင်ငံကိုလည်း ပြန်ခွင့် မရှိဘဲ အလုပ်ပြောင်း လုပ်ကိုင်ခွင့်လည်း ရှိနိုင်တော့မှာ မဟုတ်ပါဘူး။

ထိုင်းငံမှာ တရားဝင်ရော တရားမဝင်ပါ လာရောက် အလုပ်လုပ်နေတဲ့ အလုပ်သမား သုံး သန်းလောက်ရှိမယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ