ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စု အင်္ဂါစဉ် ဒုတိယ နေရာမှာ ရှိနေ

_u_htin_kyaw_and_dassk_ ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်ထောင်စု အင်္ဂါစဉ် အသစ်မှာ ဒေါ်အောင်ဆန်းစုကြည် ရယူထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူး ကို သမ္မတ နောက် ကပ်ရက် ဒုတိယ နေရာမှာ ထားရှိ။

ပြည်ထောင်စု အင်္ဂါစဉ် သတ်မှတ်ချက် အသစ် သမ္မတ ရုံးက ထုတ်ပြန် လာတာမှာ ဒေါ်အောင်ဆန်းစုကြည် ရယူထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူး ကို သမ္မတ နောက် ကပ်ရက် ဒုတိယ နေရာမှာ ထားရှိ လာ ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုတဲ့ ရာထူး နေရာ တရားဝင် ဥပဒေပြု ပေါ်ပေါက် လာတဲ့ အတွက် ထပ်မံ သုံးသပ်မှု တွေ ပြုလုပ် ခဲ့ပြီး အခုလို အင်္ဂါစဉ် အသစ် သမ္မတက သတ်မှတ် ပေးလာရတာ ဖြစ်တယ် ဆိုပြီး သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ဘီဘီစီ ကို ပြောပါတယ်။

ပြည်ထောင်စု အင်္ဂါစဉ် ဆိုတာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နဲ့ တရားရေး အာဏာ ၃ ရပ်ကို ပိုင်စိုး တဲ့ အကြီးအကဲ တွေ ကို ကြီးစဉ် အလိုက် စီထားတာ ဖြစ်ပြီး၊ နိုင်ငံတော် အဆင့် အခမ်းအနားတွေ၊ နိုင်ငံရပ်ခြား သံတမန်တွေ နဲ့ ဆက်ဆံတဲ့ အခါ တွေမှာ တရားဝင် ရာထူး အစဉ်လိုက် အနေနဲ့ လိုက်နာ ဆောင်ရွက် ရတဲ့ စနစ် တစ်ရပ် ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပေဒ အပါအဝင် လက်ရှိ တည်ဆဲ ဥပဒေ တွေ မှာ တပ်မတော် အကြီးအကဲ အပါအဝင် နိုင်ငံတော် အကြီးအကဲ တွေရဲ့ သက်ဆိုင်ရာ အာဏာ နဲ့ လုပ်ပိုင်ခွင့် တွေ အသီးသီး သတ်မှတ် ထားပြီး ဖြစ်တဲ့ အတွက် အခုလို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကို ပြည်ထောင်စု အင်္ဂါစဉ်ရဲ့ ဒုတိယ နေရာမှာ ထားရှိတဲ့ အပေါ် တပ်မတော် ဘက်က ကန့်ကွက် မှု တွေ ရှိ မလာ နိုင်ဘူးလို့ သူ့ အနေနဲ့ ယူဆကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုတဲ့ ရာထူး နေရာ ဖန်တီး ပေးတဲ့ ဥပဒေ ကို လွှတ်တော် မှာ မဲခွဲ ခဲ့ကြတုန်းကတော့ တပ်မတော် သားတွေ ဘက်က ကန့်ကွက်မှု တွေ ပြုလုပ် ခဲ့ကြပါတယ်။

အရင် အင်္ဂါစဉ် သတ်မှတ် ချက် မှာတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဟာ သမ္မတ၊ ဒု သမ္မတ နှစ်ယောက်၊ လွှတ်တော် ဥက္ကဌ နှစ်ယောက် နဲ့ တရားသူကြီးချုပ် တို့ပြီးရင် နံပါတ် ၇ နေရာ မှာ ရှိခဲ့ ပေမယ့်၊ အခုလို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒုတိယ နေရာ ဝင် လာချိန် မှာတော့ ကာကွယ်ရေး ဦးစီးချုပ် ဟာ နံပါတ် ၈ နေရာ ကို ရောက်သွား ပါတယ်။

လက်တွေ့ မြန်မာ နိုင်ငံရေး အခြေ အနေအရတော့ ကာကွယ်ရေး ဦးစီးချုပ် ဟာ အာဏာ ၃ ရပ် ကို ပိုင်စိုးသူ တွေ နဲ့ အာဏာ ချိန်ခွင်လျှာ ညှိနိုင်လောက် တဲ့ နိုင်ငံရေး အရ အရေးပါသူ ဖြစ်နေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ