၂၁ ရာစု ပင်လုံညီလာခံမှာ UWSA ပါဝင်မလား

  • 30 ဧပြီ 2016
Image caption ပင်လုံ ညီလာခံမှာ ပါဖို့ အတွက် ကော်မတီ အစည်း အဝေး ထိုင် ဆုံးဖြတ် မယ်

၂၁ ရာစု ပင်လုံ ညီလာခံမှာ UWSA ၀ ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ အနေနဲ့ ပါဝင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးက ဝ ခေါင်းဆောင် တွေကို တိုက်တွန်း လိုက်ပါတယ်။

ဝ ခေါင်းဆောင်တွေ ဘက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေမှာ ပါဝင်ဖို့ ဆန္ဒရှိ နေပေမယ့် ကော်မတီ အစည်း အဝေး ထိုင် ဆုံးဖြတ် ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

NLD လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးက ဝ ဌာနချုပ် ပန်းဆန်း အထိ သွားရောက် တွေ့ဆုံ ဆွေးနွေးမှု အတွင်း ဝ ခေါင်းဆောင် တွေကို အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လာမယ့် တလ နှစ်လ အတွင်း ကျင်းပဖို့ ညီလာခံ ဖြစ်မြောက်ရေး မကြာသေးခင်က ဆော်သြ ထားတာ ဖြစ်ပါ တယ်။

ဦးစိုးဌေး ဟာ NLD ပါတီ ရဲ့ ကော့ကရိတ် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး၊ ပြည်သူ့ လွှတ်တော် တိုင်းရင်းသား ရေးရာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင် တစ်ဦးလည်း ဖြစ်ပါတယ်။

တရားဝင် ကိုယ်စားပြု သွားရောက်တာ မျိုး မဟုတ်ဘဲ၊ သူ့ရဲ့ လက်ရှိ တာ၀န် တွေ အတွက် အချက် အလက် သွားရောက် ရယူတဲ့ ပုံမျိုး သွားတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ကို ဧပြီလ (၂၅) ရက်နေ့ ကနေ (၂၉)ရက်နေ့ အထိ သွားရောက် ခဲ့ပြီး ပန်ဆန်းမှာ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA ဒုတိယ ဥက္ကဌ ဦးရှောက်မင်လျှံ နဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ကိစ္စတွေ ကို ဆွေးနွေးခဲ့ တာ ဖြစ်ပါတယ်။