အေအေနဲ့ အစိုးရတပ် အပစ်ရပ်ဖို့ တင်သွင်း

rakhine ဓာတ်ပုံ မူပိုင် epa
Image caption စစ်ရပ်စဲရေး ဆန္ဒပြပွဲတွေ ရခိုင်ပြည်နယ် တဝှမ်း ဖြစ်ပေါ်

ရခိုင် ပြည်နယ်မှာ အေအေ ရခိုင်တပ်မတော်နဲ့ အစိုးရတပ်တွေ အပစ်ရပ်စဲရေးနဲ့ ညှိနှိုင်းဆွေးနွေးဖို့ အစိုးရ ကို တိုက်တွန်းတဲ့ အရေးကြီး အဆိုကို အမျိုးသား လွှတ်တော်မှာ ရခိုင်အမျိုးသား ပါတီ အမျိုးသား လွှတ်တော် အမတ် ဦးဝေစိန်အောင် က တင်သွင်းလိုက်ပါတယ်။

ဒီအဆိုကို ထောက်ခံမဲ ၃ ပုံ ၁ ပုံကျော်နဲ့ အတည်ပြုပြီး မေလ ၃ ရက် လွှတ်တော်မှာ တင်သွင်းဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စစ်ဘေး ဒုက္ခသည်တွေကို အကူအညီပေးရေး လည်း ဒီအဆိုမှာ ပါဝင်ပါတယ်။

တလ နီးပါးကြာ ရပ်ဆိုင်း ထားတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် အစည်းအဝေး တွေကို မေလ ၂ ရက်မှာ ပြန်လည် စတင် ခဲ့တာပါ။

တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စားပွဲဝိုင်းပေါ်မှာ ဆွေးနွေး အဖြေရှာတာကို မူရ သဘောတူ တယ်လို့ တပ်မတော်သား ကိုယ်စားလှယ် တဦးက ပြန်လည် ဆွေးနွေးခဲ့ပါတယ် ။

သို့သော်လည်း လွှတ်တော်မှာ အရေးကြီး အဆို တင်သွင်းမယ့် အစား ငြိမ်းချမ်းရေး လမ်းကြောင်း ပေါ်ကသာ ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ဆွေးနွေး ခဲ့ပါတယ် ။

ဦးသိန်းစိန် အစိုးရ လက်ထက် က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ရခိုင် တပ်မတော် ပါဝင်ခွင့်ရဖို့ တောင်းဆို ခဲ့ပေမယ့် အစိုးရနဲ့ တပ်မတော်ဘက်က လက်မခံခဲ့ပါဘူး ။

စစ်ဘေးရှောင်တွေ များလာ
Image caption ဒေသခံ ထောင်ဂဏန်းခန့့် ဘေးလွတ်ရာရှောင်ပြေး

ဧပြီလ ၁၆ ရက်နေ့ကစပြီး ရခိုင်တပ်မတော် AA နဲ့ မြန်မာတပ်မတော် ကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွား တဲ့အတွက် ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်း မြို့နယ် တွေက ဒေသခံ ထောင်ဂဏန်းခန့့် ဘေးလွတ်ရာကို ရှောင်ပြေးနေရပါတယ် ။

စစ်ဘေးရှောင် ဒုက္ခသည်တွေ တနေ့တခြား များပြားလာတဲ့ အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ်နဲ့ ရန်ကုန်မြို့က ရခိုင် တိုင်းရင်းသားတွေ စစ်ပွဲတွေ ရပ်ဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ် ။

NLD အစိုးရအနေနဲ့ မကြာခင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ရှိပြီး နောက် နှစ်လ သုံးလ အတွင်း ပင်လုံညီလာခံကဲ့သို့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ညီလာခံတခု ပြုလုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ထားပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး မူအရ ငြိမ်းချမ်းရေး ညီလာခံ မှာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အားလုံးကို ဖိတ်ခေါ်မှာ ဖြစ်တဲ့အတွက် ရခိုင် တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ဖို့ မျှော်လင့်ချက် လမ်းကြောင်းပွင့်လာနိုင် တယ်လို့ လေ့လာသူ တွေက သုံးသပ်နေပါတယ် ။