မြန်မာပြည်မှာ ဂျပန် ပိုရင်းနှီးမြှုပ်နှံမယ်

rangoon_port_
Image caption ဂျပန်ဘက်ကနေ သီလဝါ အထူး စီးပွားရေးဇုန် အပါအဝင် တခြား ကဏ္ဍတွေမှာ ပိုမို ရင်းနှီး မြုပ်နှံမှုတွေ ပြုလုပ်ဖို့ နှစ်ဘက် သဘောတူ။

မြန်မာ အစိုးရသစ် လက်ထက်မှာလည်း ဂျပန် အနေနဲ့ ရင်းနှီးမြှုပ်နှံမှု တွေ ပိုမို ပြုလုပ်မှာ ဖြစ်ပြီး၊ ပညာရေး နဲ့ ကျန်းမာရေး အပါအဝင် ကဏ္ဍ အသီးသီးမှာ အကူအညီ တွေ ပေးမယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ဝန်ကြီး ဖူမီယာ ကူရှီဒါ မြန်မာပြည်ကို ရောက်နေပြီး သမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

ဂျပန် အနေနဲ့ မြန်မာပြည်ရဲ့ ကဏ္ဍ အစုံ ဖွံ့ဖြိုးရေးမှာ ကူညီမယ်လို့ ပြောပေမယ့် ဘယ်လောက် ငွေကြေး အတိုင်းအတာ ပမာဏ ရှိမလဲ ဆိုတာကိုတော့ အတိတကျ ထုတ်မပြောပါဘူး။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဂျပန် နိုင်ငံဟာ မြန်မာရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက် နိုင်ငံအနေနဲ့ ပညာရေး၊ ကျန်းမာရေး အပါအဝင် အလုပ်အကိုင် ဖန်တီးရေး၊ စိုက်ပျိုးရေး၊ အခြေခံ အဆောက်အဦ တည်ဆောက်ရေး၊ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေး စတဲ့ ကဏ္ဍတွေမှာ အစွမ်းကုန် ကူညီမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

သမ္မတ ဦးထင်ကျော်နဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ ကြတုန်းမှာလည်း ဂျပန်ဘက်ကနေ သီလဝါ အထူး စီးပွားရေးဇုန် အပါအဝင် တခြား ကဏ္ဍတွေမှာ ပိုမို ရင်းနှီး မြုပ်နှံမှုတွေ ပြုလုပ်ဖို့ နှစ်ဘက် သဘောတူ ခဲ့ကြပါတယ်။

ဂျပန်ရဲ့ အကူအညီတွေကို အကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲနိုင်ဖို့ အတွက်တော့ အကူအညီကို လက်ခံတဲ့ အိမ်ရှင် ဘက်မှာ ပြင်ဆင်ထားဖို့ အရေးကြီးတယ်လို့ စီးပွားရေးပညာရေး ဒေါက်တာ အောင်ကိုကိုက ဘီဘီစီကို ပြောပါတယ်။

လက်ရှိ အချိန်မှာ တော့ မြန်မာ နိုင်ငံတွင်း ဂျပန် ရဲ့ ရင်းနှီး မြှုပ်နှံမှုဟာ တရုတ်၊ ထိုင်း၊ စင်္ကာပူ နိုင်ငံတွေ လောက် ပမာဏ မကြီးမားသေး သလို ဂျပန်ရဲ့ စီမံကိန်းတွေကြောင့် ဒေသခံတွေကို ထိခိုက် ရတာမျိုးလို ပြစ်တင် သံတွေလည်း တခြား နိုင်ငံတွေရဲ့ စီမံကိန်း တွေ နဲ့ နှိုင်းယှဉ်ရင် နည်းပါး နေသေးတယ်လို့လည်း ဒေါက်တာ အောင်ကိုကိုက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ