မြန်မာသမ္မတရဲ့ ပထမ နိုင်ငံခြားခရီးစဉ်

U Htin Kyaw, ASSK
Image caption သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်

မြန်မာ သမ္မတ ဦးထင်ကျော်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် မေလ ၆ ရက်နေ့မှာ လာအိုနိုင်ငံကို သွားမှာ ဖြစ်ပါတယ်။

ခရီးစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့်တို့လည်း အတူ လိုက်ပါမှာ ဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံချင်တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေနဲ့ ရင်းရင်းနှီးနှီး နေချင်တဲ့ သဘောထားကို ဖော်ပြတဲ့ အနေနဲ့ ဒီခရီးစဉ်ကို မြန်မာ ဘက်က စတင် စီစဉ်ခဲ့တာလို့ နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးအောင်လင်းက ဘီဘီစီကို ပြောပါတယ်။

လာအိုဟာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသူလည်း ဖြစ်တဲ့ အတွက် လာအိုကို အရင်ဆုံး သွားရောက်တာလို့လည်း ဆိုပါတယ်။

ခရီးစဉ်ဟာ နေ့ချင်းပြန် ခရီးစဉ်ဖြစ်ပြီး လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံရဲ့ သမ္မတနဲ့ သမ္မတကတော်တို့နဲ့ တွေ့ဆုံကြပါမယ်။

လာအိုနဲ့ မြန်မာဟာ ပဋိပက္ခ တကြိမ်တခါမှ မဖြစ်ဖူးကြတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြတဲ့အတွက် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ထူးခြားတယ်လို့လည်း နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးအောင်လင်းက ဘီဘီစီကို ပြောပါတယ်။