AAအဖွဲ့နဲ့ ပတ်သက်တဲ့ အဆို မှတ်တမ်းထား

  • 4 မေ 2016
Image caption ကာကွယ် ရေးဝန်ကြီးက အရေးကြီး အဆိုကို ပြန်လည် ရုပ်သိမ်းဖို့ လွှတ်တော်မှာ ဆွေးနွေးခဲ့ ပါတယ်

ရခိုင် ပြည်နယ် အတွင်း AA လက်နက်ကိုင် အဖွဲ့ နဲ့ မြန်မာ့ တပ်မတော်တို့ အကြား တစ်ကျော့ပြန် ပြည်လည် ဖြစ်ပွား နေတဲ့ တိုက်ပွဲ တွေကို ချက်ခြင်း ရပ်စဲပြီး AA လက်နက်ကိုင် အဖွဲ့ကို နိုင်ငံရေး ဆွေးနွေးပွဲ သို့ဖိတ် ခေါ်သင့် ကြောင်း အရေးကြီး အဆိုကို အမျိုးသား လွှတ်တော်က မှတ်တမ်း အဖြစ်သာ ထားရှိခဲ့ ပါတယ်။

မေလ ၃ ရက်နေ့က အမျိုးသား လွှတ်တော်မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် ဦးဝေစိန်အောင် တင်သွင်း ခဲ့တဲ့ အရေးကြီး အဆို နဲ့ ပတ်သက်လို့ တပ်မတော်သား ကိုယ်စားလှယ် တွေက ကန့်ကွက်ခဲ့ သလို့ မေလ ၄ ရက်နေ့ မှာတော့ ကာကွယ် ရေးဝန်ကြီးက ဒီအဆိုကို ပြန်လည် ရုပ်သိမ်းဖို့ ဆွေးနွေးခဲ့ ပါတယ်။

ဒါ့အပြင် ကာကွယ်ရေး ဝန်ကြီး ဌါန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက အခုလို အရေးကြီး အဆို တင်သွင်းတာဟာ သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရ ကို နိုင်ငံရေး အကျပ် အတည်း ဖြစ်အောင် ဖန်တီးရာ ရောက်နေ တယ်လို့ လည်း ဆွေးနွေးခဲ့ ပါတယ်။

ကာကွယ်ရေး ဝန်ကြီး အနေနဲ့ အဆိုကို ရုပ်သိမ်းဖို့ ပြောဆို ပေမဲ့ NLD ပါတီ ကိုယ်စားလှယ်တွေ ကတော့ အဆိုကို မှတ်တမ်း အဖြစ် ထားရှိဖို့ ဆွေးနွေး ခဲ့တာပါ။

အမျိုးသား လွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း ကတော့ အဆိုကို မှတ်တမ်း အဖြစ်သာ ထားရှိဖို့ လွှတ်တော် ကိုယ်စားလှယ် အများစုကို အတည်ပြု ပေးခဲ့ ပါတယ်။

ဒါကြောင့် ရခိုင် ပြည်နယ်မှာ ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ရခိုင်တိုင်း ရင်းသား လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ လွှတ်တော်တွင်း ဆောင်ရွက် ချက်ဟာ မအောင် မမြင် ဖြစ်ခဲ့ရ ပါတယ်။

အဆိုကို မှတ်တမ်း တင်လိုက်တဲ့ အတွက် ရခိုင် ပြည်နယ်မှာ ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေ ရပ်တန့် ဖို့နဲ့ စစ် ပြေးရှောင် ဒုက္ခသည်တွေ ကို ကူညီဖို့ အတွက် တခြားနည်းလမ်းတစ်ခု အမြန်ဆုံး ရှာသင့် တယ်လို့ လေ့လာသူ တချို့က သုံးသပ် နေကြ ပါတယ်။