အေအေအဖွဲ့ဟာ ဒီမိုကရေစီကို ဆန့်ကျင်တယ်လို့ ကာကွယ်ရေးဝန်ကြီးပြော

Defence Minister and ASSK ဓာတ်ပုံ မူပိုင် AFP
Image caption ကာကွယ်ရေး ဝန်ကြီးနဲ့ နိုင်ငံ့ခေါင်းဆောင်များ

မြန်မာအစိုးရ တပ်မတော်နဲ့ အေအေ ရခိုင် တပ်မတော်တို့ အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေး ကြဖို့ အမျိုးသား လွှတ်တော်မှာ အဆိုတင်ခဲ့တာနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက မေလ ၄ ရက် ဗုဒ္ဓဟူးနေ့က လွှတ်တော်မှာ လာရောက် ရှင်းလင်း ပြောဆိုပါတယ်။

မေလ ၃ ရက်နေ့က အမျိုးသား လွှတ်တော်မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးဝေစိန်အောင် တင်သွင်း ခဲ့တဲ့ အေအေ ရခိုင် တပ်မတော်နဲ့ ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေကို ရပ်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးဖို့ ဆိုတဲ့ အရေးကြီး အဆို နဲ့ ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ် တွေက ကန့်ကွက်ခဲ့ သလို မေလ ၄ ရက်နေ့ မှာတော့ ကာကွယ် ရေးဝန်ကြီးက ဒီအဆိုကို ပြန်လည် ရုပ်သိမ်းဖို့ လာရောက် ရှင်းလင်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ကာကွယ်ရေး ဝန်ကြီးက ဆွေးနွေး ရာမှာ အခုလက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခဟာ အေအေ ရခိုင် တပ်မတော်နဲ့ အစိုးရ တပ်မတော်တို့ အကြားက ပဋိပက္ခ မဟုတ်ဘဲ "အေအေ လက်နက်ကိုင် အဖွဲ့ တိုက်ခိုက်ခြင်းဟာ နိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်နေခြင်း ဖြစ်တယ်" လို့ ပြောသွားပါတယ်။

နိုင်ငံတော် ဆိုတာ ကတော့ ဦးထင်ကျော် အစိုးရ၊ လွှတ်တော်နဲ့ တရား စီရင်ရေး မဏ္ဍိုင်တို့ ဖြစ်တယ် လို့လည်း ဆက်ပြီးတော့ ကာကွယ်ရေး ဝန်ကြီးက အဓိပ္ပာယ်ဖွင့် ပေးပါတယ်။ ဒါ့အပြင် အေအေ အဖွဲ့ဟာ ဦးထင်ကျော် အစိုးရကို တိုက်နေတာသာ ဖြစ်ကြောင်းကို အချိန်တိုလေးအတွင်းမှာ နောက်ထပ် နှစ်ကြိမ် ထပ်ဆင့် ပြောဆိုပါတယ်။

"တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့တဲ့ ကာလဟာလည်း သမ္မတကြီး ဦးထင်ကျော် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ တာဝန် ယူပြီး ပထမဆုံး မြန်မာ နှစ်သစ်ကူး ရုံးပိတ်ရက် ကာလ အတွင်းမှာ အေအေ လက်နက်ကိုင် အဖွဲ့က အလစ်အငိုက် စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်"လို့ပြောဆိုခဲ့သလို "ယခုနောက်ဆုံး ဦးဝေစိန်အောင်ရဲ့ အရေးကြီး အဆိုမှာ ပါတဲ့ ၂၀၁၆ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ တကျော့ပြန် တိုက်ခိုက် လာခြင်းဟာ လက်ရှိ အစိုးရ အဖွဲ့လက်ထက်မှာ တိုက်ခိုက်လာခြင်းပဲ ဖြစ်ပါတယ်" လို့လည်း ပြောခဲ့ပါတယ်။

အစိုးရတပ်မတော်ကတော့ အဲသလို အေအေက နိုင်ငံတော်ကို တိုက်ခိုက်လို့ အကာအကွယ်ပေးနေတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးက ဦးသိန်းစိန် အစိုးရဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ အစိုးရလို့ ဆိုပါတယ်။ အေအေ ရခိုင်တပ်မတော်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ စတင်ပြီး တိုက်ခိုက်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ဒီမိုကရေစီကို ဆန့်ကျင်တဲ့ အဖွဲ့အစည်း လို့လည်း ဆိုပါတယ်။

"တနည်းအားဖြင့်ပြောရရင် အေအေ လက်နက်ကိုင် အဖွဲ့ဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်တိုက်ခိုက်နေခြင်းပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်မှာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ မိမိတို့ရဲ့ လိုလားချက်များကို လွှတ်တော်ကိုယ်စားလှယ် ကြီးများမှ တဆင့် တင်ပြ ဆောင်ရွက်ခွင့်ရရှိ နေပြီ ဖြစ်ပါတယ်" လို့ပြောခဲ့ပါတယ်။ လွှတ်တော်နည်းနဲ့ ဖြစ်ချင်တာကို မတောင်းဆိုဘဲ လက်နက်ကိုင် တိုက်ခိုက်တာဟာ ဒီမိုကရေစီ စနစ်ကို တိုက်ခိုက်တာ လို့ ဆိုပါတယ်။

အဲသလို အဖွဲ့အစည်းမျိုးကို "လွှတ်တော်ကိုယ်စားလှယ်ကြီးတွေက လက်ခံ အသိအမှတ်ပြုမယ် ဆိုရင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ အနာဂတ်ဟာ ရင်လေးဖို့ကောင်းတယ်" လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ကာကွယ်ရေး ဝန်ကြီးနဲ့ တပ်မတော် ခေါင်းဆောင်များ

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ အမျိုးသားရေး အန္တရာယ် ကျရောက်နေတယ် လို့လည်း သူက ထုတ်ဖော် ပြောသွားပါတယ်။

"ရခိုင်ပြည်နယ် အတွင်းမှာ ကျရောက်ဆဲ ကျရောက် လတ္တံ့သော အမျိုးသားရေး အန္တရာယ် များကို မျက်ကွယ်ပြုပြီး တနည်း အားဖြင့် အမျိုးသားရေး အန္တရာယ်များကို မသိ ကျိုးကျွံပြုပြီး တိုင်းရင်းသားများ အရေးကို ဦးစားပေး ကာကွယ် ဆောင်ရွက်နေတဲ့ ပြည်ထောင်စု တပ်မတော်ကို ယခုလို စတင် တိုက်ခိုက်ခြင်းဟာ အမျိုးသားရေး အန္တရာယ်ကို လက်ကမ်းခေါ်နေတဲ့ အပြုမူသာ ဖြစ်ကြောင်း" လို့ ပြောသွားပါတယ်။

ဒါကတော့ ရခိုင်လူမျိုးအများကို ဦးတည်ပြီး ပြောတယ်လို့ ယူဆစရာ ဖြစ်ပါတယ်။ အမျိုးသားရေး အန္တရာယ်ဆိုတာ ဘာလို့ ထုတ်ဖော် ပြောမသွား ပေမယ့် ရိုဟင်ဂျာ ပြဿနာကို ဆိုလိုပုံရပါတယ်။ ဒီတော့ ရိုဟင်ဂျာ ပြဿနာနဲ့ပတ်သက်တဲ့ အစိုးရတပ်မတော်ရဲ့ သဘောထားကို ဖော်ပြတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။

နောက်ဆုံးမှာတော့ အခုလို အေအေကို တိုက်ခိုက်တာကို ရပ်တန့်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးဖို့ အဆိုတင်တာဟာ ဦးထင်ကျော် အစိုးရကို နိုင်ငံရေး အကျပ်အတည်း ဖြစ်အောင်လုပ်ဖို့ ကြိုးစားတာဖြစ်တဲ့အတွက် အဲဒီအဆိုကို ရုပ်သိမ်းပေးဖို့ ပြောပါတယ်။

သူတိုက်တွန်းသလိုပဲ အဆိုကို အမျိုးသား လွှတ်တော်က ရုပ်သိမ်းပြီး မှတ်တမ်းတင် ထားရုံသာ ထားလိုက်တဲ့အတွက် ကာကွယ်ရေး ဝန်ကြီးရဲ့ ကန့်ကွက်မှုဟာ အောင်မြင် သွားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စိတ်ဝင်စားစရာကောင်းတာတခုကတော့ နိုင်ငံတော် အကြီးအကဲ သမ္မတ ဦးထင်ကျော်က အခုကိစ္စကို ပြေပြေပြစ်ပြစ် ချိုချိုသာသာ တင်ပြပါလို့ မှာကြားလိုက်တဲ့အကြောင်းကို နိဒါန်းစကားအဖြစ် ထည့်သွင်း ပြောကြားသွားတဲ့အချက် ဖြစ်ပါတယ်။

အေအေ ရခိုင် တပ်မတော် အဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုမတ်လမှာ ရခိုင်ပြည်နယ် အတွင်း စတင်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။