ခရစ်ယာန် ကျောင်းဝင်းအတွင်း ဘုရားတည်တာ မြေအငြင်းပွားမှုနဲ့ဆိုင်နိုင်

  • 4 မေ 2016
ကွမ်းတောမှာ ခရစ်ယာန်ကျောင်းအတွင်း စေတီတည်နေစဉ်
Image caption ကွမ်းတောမှာ ခရစ်ယာန်ကျောင်းအတွင်း စေတီတည်နေစဉ်

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာ ရှင်မာကု အင်ဂလိကန် ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်းမှာ မြိုင်ကြီးငူ ဆရာတော်ဉီးဆောင်တဲ့အဖွဲ့က စေတီဝင်တည်ပြီး သိမ်ကျောင်း ဆောက်ဖို့ကြိုးစားနေပါတယ်။

ဒီကိစ္စဟာ ရတက် မအေးစရာ ကောင်းတဲ့အတွက် ဘယ်လို ဖြေရှင်းမလဲလို့ ပြည်ထောင်စုအဆင့် သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး သူရဉီးအောင်ကို ကို မန္တလေး ခရီးစဉ်အတွင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ဝင်တွေနဲ့ တွေ့တဲ့အခါ ဘီဘီစီက မေးကြည့်ပါတယ်။

ဝန်ကြီးက အောက်ခြေမှာ မြေအငြင်းပွားတဲ့အသံတွေ ထွက်နေပြီး လက်နက်ကိုင်အဖွဲ့ ၂ခုလည်း ပါဝင်ပါတ်သက်နေလို့ အပူတပြင်းမဖြေရှင်းပဲ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ငြိမ်းချမ်းရေးတို့ကို အနှောက်မဖြစ်အောင် သည်းခံ အချိန်ယူ ဖြေရှင်းဖို့ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကလိုလားကြောင်း ပြောပါတယ်။

လှိုင်းဘွဲ့အ င်ဂလိကန်ခရစ်ယာန်ဘုန်းတော်ကြီး ဘီးရှော့ စတိုင်လိုကတော့ သူတို့မှာ အဲဒီနေရာမှာ ၁၉၅၀ကတည်းက ဘုရားဝတ်ကျောင်းရှိပြီး တာဝန်ရှိသူတွေ ဖြေရှင်းတဲ့အထိ ဘာမှမတုံ့ပြန်ပဲ စောင့်ကြဖို့ ခရစ်ယာန် အသိုင်းအဝိုင်းကို မေတ္တာရပ်ခံထားတယ်လို့ ဘီဘီစီကို ပြောသွားပါတယ်။

ဒီကိစ္စခရစ်ယာန်တွေဘက်ကတုံ့ပြန်လိုက်ရင် ဘာသာရေး အသွင်ဆောင်တဲ့ပဋိပက္ခမျိုး ဖြစ်ပွားမှာ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။