ဒေါ်အောင်ဆန်းစုကြည်ဆီ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ စာပို့ထား

_defence_minister_assk ဓာတ်ပုံ မူပိုင် AFP
Image caption ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားထား။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ထဲ လက်ရှိ ပါဝင် လက်မှတ် ရေးထိုးထားတဲ့ လက်နက်ကိုင် ၈ ဖွဲ့ကနေ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ် တွေ နဲ့ ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံ စာတစ်စောင် ပေးပို့ ထားတယ်လို့ လက်နက်ကိုင်တွေဘက်က အတည်ပြုပါတယ်။

စာပါ အကြောင်းအရာတွေ အသေးစိတ်ကို တော့ ထုတ်ဖော် မပြောပါဘူး။

လက်နက်ကိုင် ကိုယ်စားလှယ် တွေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အလွတ်သဘော တွေ့ဆုံ ခဲ့တဲ့ အစိုးရကို ဦးဆောင်ဖွဲ့ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က ဒေါက်တာ တင်မျိုးဝင်း နဲ့ အတူ အဲဒီ စာကို ပါးလိုက်တာ ဖြစ်တယ်လို့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ရဲ့ ခေါင်းဆောင် ဦးခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါ ချမှတ်မယ့် မူဘောင်တွေ အတွက် လက်နက်ကိုင် အဖွဲ့တွေနဲ့ NLD ပါတီ အကြား ဘယ်လို ညှိနှိုင်း ဆွေးနွေးမှု တွေ ပြုလုပ် ကြမလဲ ဆိုတာကို ဒေါက်တာ တင်မျိုးဝင်းနဲ့ တွေ့ဆုံတုန်း အဓိက ထား ပြောဆို ခဲ့ကြသလို စာထဲမှာလည်း အလားတူ အကြောင်းအရာတွေကို ပဲ ရေးသားထားတာ ဖြစ်တယ် လို့ ဦးခွန်ဥက္ကာက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြား ခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဆိုတဲ့ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပ သွားဖို့ဆိုတာဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က သွားချင်တဲ့ လမ်းနဲ့ ဘာမှ ကွဲပြား မနေဘူးလို့ ဦးခွန် ဥက္ကာ က ပြောပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ တစ်လ နှစ်လ အတွင်း ကျင်းပမယ် ဆိုတဲ့ အချိန်ကာလ အတိုင်းအတာ နဲ့ ပတ်သက်ပြီးလို့တော့ အဲဒီ့ တစ်လ နှစ်လ အတွင်း တကယ် ညီလာခံကြီး တစ်ရပ် ကျင်းပလာမှာ ထက်စာရင် ညီလာခံ ကျင်းပ နိုင်ဖို့ ပြင်ဆင်တာ တွေ၊ ချည်းကပ်တာတွေကို ပြုလုပ်လာမယ် ဆိုတဲ့ သဘောမျိုး သူတို့ အနေနဲ့ နားလည် ထားတယ်လို့ ဦးခွန် ဥက္ကာ က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ