အာဆီယံရဲ့ ဦးဆောင်သူကဏ္ဍမှာ မြန်မာ ပါဝင်နိုင်မလား

  • 7 မေ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်သူ ရွေးကောက်တဲ့ အစိုးရ တက်လာမှုဟာ အာဆီယံ နိုင်ငံ အသီးသီးမှာ ရှိတဲ့ ပြည်သူတွေ အတွက် အားကျ စရာ ဖြစ်လာနိုင်

နိုင်ငံတော် သမ္မတဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ လာအိုနိုင်ငံကို မေလ ၆ ရက်နေ့က နေ့ချင်းပြန် သွားရောက်ခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရတဲ့ အရပ်သား အစိုးရသစ် တက်လာခဲ့ပြီးတဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံဖြစ်ရုံသာမက အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်မယ့် လာအိုနိုင်ငံကို တတ်အားသရွေ့ ဘက်ပေါင်းစုံမှ ထောက်ခံအားပေး သွားမယ်လို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ခရီးစဉ်အတွင်းပြောကြားခဲ့ပါတယ်။

အရင်တုန်း က အာဆီယံ နဲ့ မိတ်ဖက် နိုင်ငံ တွေဟာ မြန်မာ့ နိုင်ငံရေး နဲ့ ပတ်သက်ပြီး တိုက်တိုက်တွန်းတွန်း ပြောဆို တာမျိုးတွေ အမြဲ ဖြစ်ခဲ့တယ်လို့ မြန်မာ့ အရေး လေ့လာသူ ဒေါက်တာ သောင်းထွန်း က ပြောပါတယ်။

မြန်မာ နိုင်ငံဟာ အရင်တုန်းက အာဆီယံ အသိုက်အဝန်းထဲမှာ သိုးမည်း လို ဖြစ်နေရာက အခုလို အရပ်သား အစိုးရ၊ ဒီမိုကရေစီ အစိုးရ တက်လာတဲ့ အခါမှာ ပုံရိပ် ကောင်းလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဆီယံ အဖွဲ့တွင်း ဦးဆောင်သူ အခန်းကဏ္ဍ ကနေ ပါဝင် နိုင်ဖို့ အတွက် ဆိုရင်တော့ မြန်မာ နိုင်ငံ အနေနဲ့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ အပြောင်းအလဲ မှာ နိုင်ငံရေး ဂုဏ်သိက္ခာ အရ မြန်မာ နိုင်ငံရဲ့ အဆင့်ဟာ အာဆီယံ အဖွဲ့အတွင်းမှာ တိုးတက် လာတယ်လို့ ဆိုရမှာပါ။

မြန်မာ နိုင်ငံရဲ့ ခေါင်းဆောင် ကလည်း နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်တာကြောင့် အာဆီယံ အဖွဲ့ အတွင်း နိုင်ငံရေး ဂုဏ်သိက္ခာ ရှိလာပါတယ်။

စီးပွားရေး ကဏ္ဍ နဲ့ နည်းပညာ ကဏ္ဍ တွေမှာတော့ မြန်မာ နိုင်ငံက အာဆီယံ ထဲမှာ အနိမ့်ဆုံး အဆင့် မှာပဲ ရှိသေးတယ်လို့ ပြောပါတယ်။

မြန်မာ နိုင်ငံက အထီးကျန် နိုင်ငံ အဖြစ် နေလာတာ ကြာမြင့် ခဲ့ပြီး ဒေသတွင်း နိုင်ငံရေး ကိစ္စတွေမှာ နားထောင်တဲ့ အဆင့် ကနေ ဦးဆောင်သူ အဖြစ် ပါဝင် ဖို့က အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲ အဖြစ် ပြည်သူ ရွေးကောက်တဲ့ အစိုးရ တက်လာမှုဟာ အာဆီယံ နိုင်ငံ အသီးသီးမှာ ရှိတဲ့ ပြည်သူတွေ အတွက် အားကျ စရာ ဖြစ်လာနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ