ပြည်နယ်ဆင်းရဲမှုက ရခိုင် လက်နက်ကိုင် AA ကို ဖြစ်ပေါ်စေခဲ့သလား

  • 7 မေ 2016
Image caption ရခိုင် လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း ခန့်ဟာ အလွန်နိမ့်ကျ တဲ့ ဆင်းရဲမွဲတေမှု အောက်မှာ ရှိနေတဲ့ အတွက် သူတို့ကို စည်းရုံးဖို့က မခက်ဘူး

AA ရခိုင် တပ်မတော်ဟာ ၂၀၀၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး မကြာခင် နှစ်သစ်ကူးကာလတုန်းကတော့ အစိုးရတပ်မတော်နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

လွှတ်တော်တွင်းမှာလည်း AA လက်နက်ကိုင် နဲ့ ငြိမ်းချမ်းရေး ပြဿနာဟာ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

ဆယ်စုနှစ် ၂ ခု အတွင်း မှာ ရခိုင် ပြည်နယ်ဟာ စီးပွားရေး ကျဆင်းခဲ့ပြီး ဆင်းရဲ ခဲ့တာက AA လက်နက်ကိုင် အဖွဲ့ ပေါ်ပေါက်လာခြင်းရဲ့ အဓိက အကြောင်းအရာ ဖြစ်တယ် လို့ သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက ပြောပါတယ်။

လယ်ယာစိုက်ပျိုးရေး မအောင်မြင်တာ၊ သံယဇာတ ထွက် ရှိပေမယ့် ရခိုင် ပြည်နယ် တိုးတက်ရေး အတွက် အသုံးမချ ခဲ့တာတွေကလည်း ရခိုင် လူမျိုးတွေကို မကျေမနပ် ဖြစ်လာစေတာ လို့ ပြောပါတယ်။

မကျေနပ် ချက်တွေကို အစပြုရာက AA အဖွဲ့က လည်း တဖြည်းဖြည်း အင်အား ကောင်းလာပြီး လူငယ်တွေကြားမှာ ထိုးဖောက် ဝင်ရောက် ခဲ့တယ်လို့ ပြောပါတယ်။

၂၀၁၃ ကျောက်ဖြူ ရခိုင် အမျိုးသား ညီလာခံမှာ AA တပ်ဖွဲ့က ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ဇော်ဟန် တို့ ရောက်လာပြီး ရခိုင် လူငယ်တွေ၊ ရခိုင် နိုင်ငံရေး အင်အားစု တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီ ဒီအပေါ်မှာလည်း AA တပ်ဖွဲ့ နဲ့ ရခိုင် ပြည်သူတွေအကြား နိုင်ငံရေး မြင့်မားမှု ရှိလာတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်မှာက လူတန်းစား အမျိုးမျိုး ရှိပြီး AA အဖွဲ့အပေါ် လူဘယ်လောက် ထောက်ခံသလဲ ဆိုတာကလည်း ပြောရခက်တဲ့ အနေအထားပါ။

ရခိုင် လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း ခန့်ဟာ အလွန်နိမ့်ကျ တဲ့ ဆင်းရဲမွဲတေမှု အောက်မှာ ရှိနေတဲ့ အတွက် သူတို့ကို စည်းရုံးဖို့က မခက်ဘူးလို့ ပြောပါတယ်။

AA အဖွဲ့ကို သွားရောက် ပူးပေါင်းတာက အများအားဖြင့် ဆယ်ကျော်သက် ရခိုင် လူငယ်တွေ ဖြစ်ပါတယ်။

ကိုးကန့် အဖွဲ့ရဲ့ တစ်ကျော့ပြန် တိုက်ခိုက်မှုမှာ AA အဖွဲ့ နဲ့ တအာင်း ပလောင် အဖွဲ့က ကူညီတိုက်ခိုက် ပေးခဲ့တာကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့် မရတာ လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ