ရခိုင်မှာ စစ်ပြေး ဒုက္ခသည်တွေ များပြားလာ

Image caption စစ်ပြေးရှောင် ဒုက္ခသည် အရေးဟာ ပိုမိုကြီးထွားလာ

ရခိုင်ပြည်နယ် အတွင်း စစ်ပွဲ ဖြစ်ပွားရာ အနီးအနားက ကျေးရွာတွေက ရွာသားတွေဟာ အိုးအိမ်တွေ စွန့်ခွာပြီး ထွက်ပြေးမှုတွေ ဆက်ရှိနေတဲ့ အတွက် စစ်ပြေးရှောင် ဒုက္ခသည် အရေးဟာ ပိုမိုကြီးထွားလာပါတယ်။

တစ်ဘက်မှာလည်း ပြည်ထောင်စု အစိုးရကရော၊ ပြည်နယ် အစိုးရကပါ အခု အရေးမှာ တစ်စုံတစ်ရာ ဝင်ရောက် ဖြေရှင်းပေးတာ မရှိတဲ့ အတွက် အခြေအနေက ပိုမိုရှုပ်ထွေးမှုတွေ ရှိလာတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲတွေ ဖြစ်ပွားတာ ရပ်တန့်နေပေမယ့် အရပ်သားတွေဟာ ကြောက်လန့်ပြီး စစ်ပွဲ ဖြစ်ပွားခဲ့ရာ နေရာတွေကနေ အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေး နေကြပါတယ်။

ကျောက်တော်မြို့နယ် ကျောက်ဆည်တောင်ရွာက ရွာလုံးကျွတ် နီးပါး ဟာ ငစရိုင်းကိုင်းကျေးရွာကို လွန်ခဲ့ရက်အနည်းငယ်က ထွက်ပြေးလာရကြောင်း ကျောက်ဆည်တောင်ရွာသား ဦးလှမောင်သိန်း က ပြောပါတယ်။

ကျောက်ဆည်တောင် ကျေးရွာ အနီးမှာ ရှိတဲ့ မောင်နှမ၊ ဖက်ဝိုင်းချောင်း၊ နတ်သရွေး စတဲ့ ရွာတွေက ရွာသားတွေ အကုန်လုံးဟာလည်း အခုအခါ ငစရိုင်းချောင်း၊ ပညာ၀၊ သင်ပုန်းတန်း၊ သလူ၀ စတဲ့ ကျေးရွာတွေမှာ ခိုလှုံနေကြပြီး အဲဒီ ရွာသုံးရွာမှာ စစ်ပြေးရှောင် ဒုက္ခသည် စုစုပေါင်း ၄၄၀ ကျော်ရှိသွားပြီလို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်က အထက်သင်ပုန်းတန်း၊ ဖားပြင်ရွာတွေမှာလည်း မိသားစု လေးဆယ်ကျော်၊ လူဦးရေ ၂၅၀ ရောက်ရှိနေတယ်လို့ သိရပါတယ်။

အချို့ရွာတွေက လူတွေကတော့ ဘယ်ကိုမှ မသွားရဲဘဲ ရွာထဲမှာ ပိတ်မိနေတာ တွေလည်း ရှိတယ်လို့ မေလ ၇ ရက်နေ့က အဲဒီဒေသကို ကိုယ်တိုင် သွားရောက်ပြီး အကူအညီတွေ ပေးခဲ့တဲ့ စာရေးဆရာ ဦးဝေဟင်အောင် ကပြောပါတယ်။

လောလောဆယ်မှာတော့ ရွာထဲမှာ ပိတ်မိနေတဲ့ ရွာသားတွေကို အကူအညီတွေ သွားရောက် ထောက်ပံ့ဖို့ မဖြစ်နိုင်တဲ့ အတွက် သူတို့ရဲ့ စားဝတ်နေရေး အခြေအနေဟာ အထူးဆိုးရွားနေတယ်လို့ ဦးဝေဟင်အောင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏား ကျွန်း မြို့နယ် တွေမှာ စစ်ပြေးရှောင်အရေအတွက်ဟာ အခုအခါ နှစ်ထောင်ကျော်နေပြီး၊ ဒုက္ခသည်တွေရဲ့ အရေးကို ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတို့ က ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတာကတော့ ရခိုင်ပြည်သူတွေက အထူးစိတ်ဝင်တစားနဲ့ စောင့်ကြည့်လျက် ရှိနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ