TNLAနဲ့RCSS/SSA တိုက်ပွဲရပ်ဖို့ SSAမြောက်ပိုင်း ကြေညာ

ဓာတ်ပုံ မူပိုင် sspp
Image caption တွေ့ဆုံ ဆွေးနွေးပြီး ဖြေရှင်း ကြဖို့ကိုလည်း SSA မြောက်ပိုင်း အဖွဲ့က မေတ္တာ ရပ်ခံ တိုက်တွန်း

TNLA ပလောင် လွတ်မြောက်ရေး တပ်ဦးနဲ့ RCSS/SSA ရှမ်းပြည် တောင်ပိုင်း အဖွဲ့ တွေကြား တိုက်ပွဲ ပြင်းထန် နေတာကို လျှော့ချ ရပ်စဲကြဖို့ SSA မြောက်ပိုင်းအဖွဲ့ ဘက်က ကြေညာ ချက် တစောင်ကို မေလ ၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မေလ၁ရက်နေ့ ကနေ စပြီး တစ်ဘက် နဲ့ တစ်ဘက် ကြားမှာ အလုံးအရင်း နဲ့ တိုက်ပွဲ တွေ အပြန်အလှန် ဖြစ်ပွား နေတဲ့ အတွက်ကြောင့် ဒေသခံ ပြည်သူများ နစ်နာလျှက် ရှိနေတာကြောင့် အခုလို ကြေညာချက် ထုတ်ပြန် ခဲ့ရတာ ဖြစ်တယ်လို့ SSA မြောက်ပိုင်း အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။

နှစ်ဘက်စလုံးက စစ်ရေးနဲ့ ဖြေရှင်းဖို့ မကြိုးစားပဲ တွေ့ဆုံ ဆွေးနွေးပြီး ဖြေရှင်း ကြဖို့ကိုလည်း SSA မြောက်ပိုင်း အဖွဲ့က မေတ္တာ ရပ်ခံ တိုက်တွန်း ခဲ့ပါတယ်။

SSA မြောက်ပိုင်း အဖွဲ့ရဲ့ သဘောထား ကို ထုတ်ပြန် ကြေညာတာ ဖြစ်ပြီး လိုက်နာခြင်း မလိုက်နာခြင်း က နှစ်ဘက် စလုံးရဲ့ အပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။

အရင်တုန်းကလည်း အခုလို အပစ်အခတ် ရပ်စဲ ဖို့ ကြေညာချက် ထုတ်ပြန် ခဲ့ပြီး နှစ်ဘက် တွေ့ဆုံဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါပေမယ့် နှစ်ဘက်တွေ့ဆုံဖို့ နေရာရွေးချယ် ရာမှာ အဆင်မပြေမှုတွေ ရှိခဲ့တဲ့ အတွက် မတွေ့ဆုံဖြစ်ခဲ့ပါဘူး။

နှစ်ဘက် တွေ့ဆုံဖို့ အတွက် ပန်ဆန်းမှာ လုပ်တဲ့ NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေရဲ့ အစည်းအဝေးမှာ ဆုံးဖြတ် ခဲ့ပေမယ့် SSA တောင်ပိုင်း အဖွဲ့က ထိုင်း နိုင်ငံ ဘက်မှာပဲ ဆွေးနွေးဖို့ တောင်းဆို နေတာကြောင့် အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။

ရှမ်းပြည်မှာ တိုက်ပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး အစိုးရ နဲ့ တပ်ဘက်က ကြားဝင် ညှိနှိုင်းဖို့ အတွက် မြန်မာ ငြိမ်းချမ်းရေး စင်တာကို ပြန်လည် ဖွဲ့စည်းဖို့ ကြိုးပမ်း နေတယ်လို့ ပြောပါတယ်။

SSA မြောက်ပိုင်း အဖွဲ့ရဲ့ တောင်ပေါ် တပ် စခန်း ၂ ခုကို တပ်မတော် ဘက်က ရွှေ့ပြောင်း ပေးဖို့ တောင်းဆို ခဲ့တာ နဲ့ ပတ်သက်ပြီး ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ